မန္တလေး ၂၄ ဇွန် 

 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနည်းပြသင်တန်းနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ နည်းပြသင်တန်းများဖွင့်ပွဲကို မန္တလေးမြို့၊ သိပ္ပံလမ်း၊ Perfect Hotel ရှိ ပထမထပ်ခန်းမတွင် ယနေ့ နံနက် ၈ နာရီ ခွဲ က ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအေးမင်းသူ က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အရေးပေါ်ကူညီကယ်ဆယ်ရေးကွန်ယက်မှ ဒေါက်တာသန်းထွန်းမြင့် က သင်တန်းများဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးသည်။

 

အဆိုပါ သင်တန်းများကို သင်တန်းတစ်ခုလျှင်(၃၀)ဦးဖြင့် ဇွန်လ ၂၄ ရက် မှ ဇွန်လ ၂၇ ရက်ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကာ သင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးကွန်ယက်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။

 

သင်တန်းများတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝေါဟာရများ၊ မြန်မာနိုင်ငံ၏ သဘာဝဘေး အန္တရာယ်များအကြောင်း၊ ကြိုတင်သတိပေးချက်စနစ်ကို လေ့လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် အလိုက်သင့်ဖြစ်အောင် နေထိုင်ခြင်း၊ ကယ်ဆယ်ရေးစခန်း ညှိနှိုင်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှု၊ အရေးပေါ်အခြေအနေ ပြည်သူ့ကျန်းမာရေး အစရှိသော သင်ခန်းစာများအား သင်တန်းနည်းပြများက ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)