နေပြည်တော်  ဇူလိုင် ၉

 

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ စွမ်းဆောင်ရည် ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန် ဝန်ကြီးဌာနအနေ ဖြင့် သဘာဝဘေးစီမံခန့်ခွဲမှုစက်ဝန်းပါ ကြိုတင်ကာကွယ်ခြင်းနှင့် ထိခိုက်မှုများလျော့နည်းစေခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို  အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်နယ် အစိုးရအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ  ပေါင်းစပ်ညှိနှိုင်းကာ  အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပါကြောင်း။

 

သင်တန်းကျောင်းအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု အခြေခံ သင်တန်းနှင့် နည်းပြသင်တန်းများအပါအဝင် လက်တွေ့အသုံးချနိုင်မည့် သဘာဝဘေးစီမံခန့််ခွဲမှု သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ကာ မိမိဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်နေကြသည့် အစိုးရဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ ပြည်သူလူထုအတွင်းမှ စိတ်ပါဝင်စားသူများအား သင်ကြားပို့ချပေးလျက်ရှိကြောင်း လက်ရှိသင်ကြား ပို့ချမှုများသည် သင်ရိုးညွှန်း တမ်းများ၏ မူလ လွှမ်းခြုံမှု၊ ဦးတည်ချက်များနှင့် ကွဲလွဲမှုမရှိ စေရေး၊ မြေပြင်တွင် တွေ့ကြုံရသည့် သင်ကြားမှုဆိုင်ရာ စိန်ခေါ်မှုများအပေါ် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရေး၊ ခေတ်စနစ်နှင့် လိုက်လျော ညီထွေဖြစ်စေရေးတို့အတွက် ဗဟိုအဆင့်မှ သုံးသပ်ဆွေးနွေးမှုများ ဆောင်ရွက်ခြင်းသည် ကောင်းမွန်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အဆင့်ဆင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ သင်ကြားရေးဆိုင်ရာ ကျောင်းအုပ်ကြီးနှင့် နည်းပြများ၏ အသိပညာ၊ အတတ်ပညာများနှင့် ချိန်ထိုးကာ သုံးသပ်ဆွေးနွေး တင်ပြမှုများအားမှတ်သား၍ လိုအပ်သလို ပံ့ပိုးပေါင်းစပ် စီမံပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားသည်။ အလုပ်ရုံဆွေးနွေး ပွဲကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကာ ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး (၂) ရက်တာ ကာလအတွင်း သင်တန်းကျောင်း၌ သင်ခန်းစာ များရေးဆွဲခဲ့မှု၊ သင်တန်းကျောင်း၏ Capacity Development Strategy ရေးဆွဲခဲ့မှု၊ သင်တန်း ကျောင်းတွင် လက်ရှိဖွင့်လှစ်နေသည့် သင်တန်းများ/ ဖွင့်လှစ်ခဲ့သည့် သင်တန်းများနှင့်စပ်လျဉ်း၍ အသေးစိတ် သုံးသပ်မှု၊ သင်တန်းကျောင်းတွင် Course Review ဆောင်ရွက်ခဲ့မှုများနှင့် ပြောင်းလဲ ပြင်ဆင်မှုများ အားတင်ပြခြင်း၊ အုပ်စုငယ်များခွဲ၍ သင်တန်းကျောင်းတွင် အသုံးပြုလျက်ရှိသည့် သင်ရိုး(Course Syllabus) များအား ခြုံငုံသုံးသပ်ခြင်း၊ သင်တန်းကျောင်း၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး ဆောင်ရွက်နိုင်သည့် နည်းလမ်းများ ဖော်ထုတ်ခြင်း၊ ကာလတို၊ ကာလလတ် ဆက်လက်ဆောင်ရွက်သင့်သည်များ ဖော်ထုတ်ခြင်း စသည်တို့အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရုံးချုပ်နှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ တက်ရောက်သူများ၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် နည်းပြများ အတူတကွ ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)