နေပြည်တော် ၈ ဇွန်
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် တပ်မတော် နှင့် ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာစေရန်ဟူသောရည်ရွယ်ချက်ဖြင့် နေပြည်တော် Aureum Place Hotel ၌ ဇွန်(၇)ရက်မှ (၈)ရက်အထိကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကာကွယ်ရေးဝန်ကြီးဌာနနှင့် UNOCHAတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိလုပ်ငန်း ကော်မတီများမှ ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ယခုကျင်းပသောသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲနှင့် တစ်ချိန်တည်းမှာပင် ဇွန် ၇ က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၁၉) ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမကြီးတွင် လုပ်ငန်းကော်မတီများနှင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအားဖိတ်ကြား၍ ကျင်းပခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ ဒုတိယသမ္မတ၏ လမ်းညွှန်မှာကြားချက် နှင့်အညီသဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ ဝန်ကြီးဌာနတစ်ခုတည်းဆောင်ရွက်၍ မရနိုင်ဘဲတပ်မတော်၏ထိရောက်သည့် ပူးပေါင်းပါ ဝင်မှုနှင့်အတူဝန်ကြီးဌာနများအားလုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစိုးရမဟုတ် သောအဖွဲ့အစည်းများစသည့် ပါဝင်ဆက်နွယ်သူများ အားလုံးပူးပေါင်းဆောင်ရွက်မှသာ ထိရောက်အောင်မြင်နိုင်မှာဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဖက်-စစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်ကောင်းမွန် နိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ ဒေသတွင်းမှာလက်ခံကျင့်သုံးနေသည့် ပူးပေါင်းဆောင်ရွက်မှု ပုံစံ/လုပ်ထုံးလုပ်နည်းများကို ထည့်သွင်းစဉ်းစားပြီး မိမိတို့နိုင်ငံ၏ အနေအထားနှင့်လိုက်လျောညီထွေစွာ အကောင်ထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း၊ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲမှရရှိသော အပြုသဘောဆောင်သည့် ဆွေးနွေးအကြံပြုချက်များကို အခြေခံကာသဘာဝ ဘေးစီမံခန့်ခွဲမှု လုပ်ငန်းများတွင် အရပ်ဖက်နှင့် စစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင် ရွက်သင့်သည်များအား ဆက်လက်ညှိနှိုင်းကြိုးစားသွားရန် လိုအပ်ကြောင်းပြောကြားသည်။
ယခုကဲ့သို့ နှစ်ရက်တာကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်းသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့် နည်းလမ်းများ၊ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့များဖွဲ့စည်းဆောင်ရွက်နေမှု၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှု၌ တပ်မတော်မှ ပူးပေါင်းဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံရသည့် အောင်မြင်မှုများနှင့် ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နိုင်သည်များ၊ အာဆီယံဒေသတွင်းအရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင် တုံ့ပြန်ရာ၌ တပ်မတော်မှကိုယ်စားလှယ်များစေလွှတ်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ အားလက်တွေ့ဆောင်ရွက်မှုများနှင့်အတူလိုအပ်သည်များ ဆွေးနွေးဖော်ထုတ်ခဲ့ကြပါကြောင်းနှင့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ရှိလာသည့် အပြုသဘောဆောင်သည့် ဆွေးနွေးအကြံပြုချက်များ အားဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့်အတူ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)