ညောင်ဦး ၂၉ သြဂုတ်    


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ညောင်ဦးမြို့နယ် ရေတွင်းညောင်ပင် ကျေးရွာနှင့် လက်ဝဲကျေးရွာတို့တွင် ဒုတိယနှစ်စက်ဝန်း လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်ကွန်ကရစ်လမ်း၊ လျှပ်စစ်မီးကြိုးများနှင့် ဓာတ်အားလိုင်တိုင်များ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရ၍ ယနေ့နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးမှ အငယ်တန်း အင်ဂျင်နီယာ - ၂ ဒေါ်ခိုင် ရွှေဝင်းနှင့် ဝန်ထမ်းများအဖွဲ့က ပျက်စီးသွားသည့် ကျေးလက်ကွန်ကရစ်လမ်း၊ လျှပ်စစ်မီးကြိုး နှင့် ဓာတ်အားလိုင်းတိုင်များကို ပြန်လည်ပြပြုင် ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးမှ အငယ်တန်းအင်ဂျင်နီယာ - ၂ ဒေါ်ခိုင် ရွှေဝင်း နှင့် ဝန်ထမ်းများအဖွဲ့သည် ရှေးဦးစွာ ညောင်ဦးမြို့နယ် ရေတွင်းညောင်ပင်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးသည့် ကျေးရွာတွင်း တပ်ဆင်ထားရှိသော လျှပ်စစ်မီးကြိုးများ၊ ဓာတ်အားလိုင်းတိုင်များ ပြိုလဲနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများ လျှပ်စစ်မီး အမြန်သုံးစွဲခွင့် ရရှိနိုင်ရေးအတွက် ကျေးရွာလူထု ဗဟိုပြုစီမံကိန်း ကော်မတီဝင်များနှင့် တွေ့ဆုံ၍  ပြပြင်ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ 


ထို့နောက် တာဝန်ရှိသူများအဖွဲ့သည် ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ဒုတိယနှစ်စက်ဝန်း လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် ကျေးလက် ကွန်ကရစ်လမ်း မိုးရေတိုက်စားမှုကြောင့် ပျက်စီးခဲ့မှုအခြေအနေအား သွားရောက်၍ တိုင်းတာစစ်ဆေးကာ ဒေသခံပြည်သူများ သွားလာမှု အခက်အခဲမဖြစ်စေရေးအတွက် ပြန်လည်ပြပြုင် ဆောင်ရွက်ပေးမည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဒေသခံစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 


ရဲဝင်းနိုင် ( ညောင်ဦး )