တောင်တွင်းကြီး ၁၂ ဇူလိုင်
၂၀၁၈ ခုနှစ်တွင် သဘာဝဘေးအန္တရယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သီးနှံများအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးတွင် ဇူလိုင်(၁၁)ရက် နံနက် (၁၁) နာရီက ကျင်းပခဲ့သည်။
ထိုသို့ထောက်ပံ့ကြေးများ ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြေားကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းထွန်းက နိုင်ငံတော်အစိုးရ အနေဖြင့် တောင်သူများ၏ အကျိုးစီးပွားကိုကြည့်ကာ တတ်နိုင်သလောက် ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလတို့တွင် အဆက်မပြတ် ရွာသွန်းခဲ့သောမိုးကြောင့် ကျေးရွာအုပ်စု(၆၉)အုပ်စုမှ တောင်သူပေါင်း (၁၆၁၃၇)ဦး တို့၏ နွေနှမ်း(၄၃)ဧက၊ မိုးနှမ်း (၃၅၉၆)ဧက၊ စုစုပေါင်း (၃၆၀ဝ၄)ဧက အတွက် နွေနှမ်း(၁)ဧကလျှင် ငါးသောင်းနှုန်း၊ မိုးနှမ်းတစ်ဧကလျှင် ငါးထောင်နှုန်းဖြင့် စုစုပေါင်း (၁၈၂၁၇၀ဝ၀ဝ)ကျပ်တို့ကို ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သီးနှံပျက်စီးသော တောင်သူများ လက်ဝယ်အရောက် ပေးအပ်နိုင်ရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ အုပ်ချူပ်ရေးမှူးများထံ သီးနှံထောက်ပံ့ကြေးငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ဝင်း(တောင်တွင်းကြီး)


