မကွေး ၁၆ သြဂုတ်
မကွေးတိုင်းဒေသကြီးအတွင်းတွင် ရေကြီးနစ်မြုပ်ခြင်း၊ မိုးလိုမိုးခေါင်ခြင်း၊ ပိုးမွှားကျခြင်း စသည့် သဘာဝဘေးများကြောင့် ၂၀၁၉-၂၀၂၀ ခုနှစ်၌ နွေစပါး၊ မိုးစပါး၊ ဖူးစားပြောင်း၊ မြေပဲ၊ နွေနှမ်း၊ မိုးနှမ်း၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါ၊ ဟင်းသီးဟင်းရွက်၊ ပဲစဉ်းငုံ၊ နေကြာ စသည့် သီးနှံမျိုးစုံစိုက်ဧက ၃၅၀၀၀၀ ကျော်ထိခိုက်ခဲ့ကာ ဧက ၁၃၀၀၀၀ ကျော် (၁၃၃၇၉၅ ဧက) ပျက်စီးခဲ့ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
“အများဆုံးထိခိုက်ပျက်စီးတာက မိုးနှမ်းပါ။ မိုးလေဝသက ပြောင်းလဲသွားလို့ လိုက်လျောညီထွေဖြစ်တဲ့ စိုက်ပျိုးမှုပုံစံတွေ ဖြစ်အောင် လုပ်ရပါတော့မယ်။ သက်တမ်းတိုတဲ့မျိုးတွေ၊ အထွက်ကောင်းတဲ့မျိုးတွေ ရှာစိုက်ရတော့မယ်။ ဧရာဝတီမြစ်ရေ တက်တာခံရတဲ့ ဒေသတွေမှာ ရေကြီးဒဏ်ခံနိုင်တဲ့ မျိုးတွေစိုက်ဖို့၊ မိုးခေါင်တဲ့ဒေသတွေမှာ ရေငတ်ဒဏ်ခံနိုင်တဲ့မျိုးတွေစိုက်ဖို့ ဒါကို ပြောင်းလဲရပါမယ်”ဟု မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလင်းမြတ်က ပြောသည်။
၂၀၁၈ ခုနှစ်က ရေကြီးနစ်မြုပ်မှုကြောင့် နွေနှမ်းနှင့် မိုးနှမ်းစိုက်ဧက (၁၅၈၆၂၁)ဧက၊ ၂၀၁၉ ခုနှစ်တွင် ရေကြီးနစ်မြုပ်မှုနှင့် မိုးခေါင်မှုတို့ကြောင့် မိုးနှမ်းဧက (၂၁၀၆၆)ဧက၊ ၂၀၂၀ ပြည့်နှစ်တွင် ရေကြီးနစ်မြုပ်မှုနှင့် မိုးလို၊မိုးခေါင်မှုကြောင့် နွေနှမ်းနှင့် မိုးနှမ်း စိုက်ဧက (၂၉၈၀၁၇)ဧက ထိခိုက်ခဲ့ရကြောင်း မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ယင်းသို့ပျက်စီးမှုများကြောင့် သီးနှံများကို သမရိုးကျ သတ်မှတ်ထားကြသည့်ရက်များတွင် မစိုက်ဘဲ စော၍စိုက်ရန် (သို့မဟုတ်) နောက်ကျ၍စိုက်ရန် ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ရေစုကန်များ ထားရှိခြင်းနည်းလမ်းကိုလည်း လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းမြတ်က အကြံပြုပြောကြားသည်။
ဇေယျတု(မကွေး)