နေပြည်တော် ဩဂုတ် ၂၉

 

သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်အမှာစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော် တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုကြသည်။

 

အဆိုပါသင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ပါဝင်သော ဒေသခံပြည်သူလူထု၊ စေတနာ့ဝန်ထမ်း လူငယ်မောင်မယ်များနှင့် ပရဟိတအဖွဲ့အစည်းများမှ သင်တန်းသား/ သင်တန်းသူ (၃၀) တက်ရောက်လျက်ရှိကြောင်း၊ သင်တန်းကို ဩဂုတ် ၂၉ ရက်မှ ၃၁ ရက်အထိ ၃ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှု အယူအဆနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏ အကျိုးသက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် သင်ခန်းစာများ၊ ရှေးဦးသူနာပြုစုနည်းများ၊ ကာကွယ်စောင့်ရှောက်မှုများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်