နေပြည်တော် ၂၅ ဩဂုတ်
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း အောင်မြင်စွာ ရေးဆွဲနိုင်ရေးအတွက် မဟာဗျူဟာ၏ လျာထားအခန်း(၆)ခန်းအနက် အခန်း(၅)ဖြစ်သည့် သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးအား ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး ဆပ်ကော်မတီအတွင်းရေးမှူးဖြစ်သည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးက အစည်းအဝေး ခေါ်ယူရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ပြုလုပ်ကြပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပခဲ့ပြီး သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီဝင်များ၊ အခြားဆပ်ကော်မတီ (၈)ခုမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ကော်မတီဝင်များနှင့် UNICEF (မြန်မာ)မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


