သဘင်နှင့် သက်ဆိုင်သူများပူးပေါင်း၍ သဘင်လောက တိုးတက်ရေးအတွက် ဆွေးနွေးလုပ်ဆောင်သွားမည်

မန္တလေး ၂၄ ဩဂုတ် 


သဘင်နှင့်သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေး၍ သဘင်လောကတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၂၀ ရက်တွင် မန္တလေးမြို့ ဟာမိုနီ ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)နှင့် မန္တလေးမြို့ရှိ ဇာတ်၊ အငြိမ့်၊ ဆိုင်း တည်ထောင်သူများတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ အတွင်းရေးမှူး ဦးနေဝင်းက ပြောကြားခဲ့သည်။


အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်နှင့် ကော်မတီဝင်များ၊ မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးနှင့် မန္တလေးမြို့ခံ ဇာတ်၊ အငြိမ့်၊ ဆိုင်းအဖွဲ့များမှ သဘင်အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ သဘင်လောကအခြေအနေများ သဘင်ဝါဏိစ္စကိစ္စရပ်များ၊ သဘင်အနုပညာ ဆိုင်ရာများ၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။


“အခုလို တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲတွေ လုပ်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ သဘင်လောက တိုးတက်လာစေဖို့ပါ၊ နောက်အခုလို တွေ့ဆုံခြင်းအားဖြင့် သဘင်လောကသားတွေရဲ့ အခက်အခဲတွေ၊ အနုပညာဆိုင်ရာတွေနဲ့ အခြားသော ကိစ္စရပ်တွေကိုလည်း ကျွန်တော်တို့ ဗဟိုကနေ ဘယ်လိုကူညီမှုတွေ လုပ်ပေးလို့ရနိုင်မလဲဆိုတာ သိရမှာဖြစ်တယ်။ ကူညီမှုတွေလည်း လုပ်ပေးနေပါတယ်”ဟု ၎င်းက ပြောသည်။


တွေ့ဆုံညှိနှိုင်းပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ သဘင်လူမှုကူညီစောင့်ရှောက်ရေးအသင်း၏ ပရဟိတလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဂီတကွန်ရက်(မ္တလေး) မှ မြန်မာနိုင်ငံ သဘင်လူမှုကူညီစောင့်ရှောက်ရေးအသင်းသို့ ငွေကျပ်သိန်း ၃၀ လှူဒါန်းခဲ့ကြသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က အမှာစကားပြောကြားပြီး မန္တ္တလေးတိုင်းဒေသကြီး သဘင်လူမှုကူညီစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းနောင်က မန္တ္တလေးသဘင်လောက၏ လက်ရှိဖြတ်သန်းနေရ မှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မင်းထက်အောင် (မန်းကိုယ်ပွား)