ပွင့်ဖြူ ၇ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ကုန်းဇောင်းကျေးရွာရှိ ဒေသခံပြည်သူများအတွက် သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ကုန်းဇောင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးအောင်ဇော်တင့်က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မပျောက်ပျက်အောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းစနစ်များကို ပညာပေးရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးအောင်ဇော်တင့်တို့က သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၁၆ ကတ်အား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာနေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခွင့်ရရှိရေးအတွက် သစ္စာစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးမှုအပေါ် ကျေးရွာနေပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


