မော်လမြိုင်၊ နိုဝင်ဘာ ၁၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မြိုင်သာယာ သစ်တောပျိုးဥယျာဉ်သို့ ရောက်ရှိပြီး ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားသော ပျိုးပင် ၁၅၀၀၀ နှင့် သစ်မျိုး ၁၁ မျိုးဖြင့် ပျိုးပင် ၂၃၀၀၀ ကြိုတင်ပျိုးထောင်ရန် ပြင်ဆင်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်သစ်တောရုံး၌ ဦးစီးဌာန/လုပ်ငန်းများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍများတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက် သွားရန်၊ အရာထမ်း/ အမှုထမ်းများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူသွားရန်နှင့် အဂတိတရား ကင်းရှင်းစွာဖြင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြီးပြည်နယ်အတွင်းရှိ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများတွင် ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ တာပသွန် သစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသော ပျိုးပင် ၈၄၀၀၀ ကျော်ကို ကြည့်ရှုစစ်ဆေးပြီး အမြင့် ၂ ပေ အထက် ပျိုးပင်များ စဉ်ဆက်မပြတ် ရရှိစေရေးအတွက် သစ်စေ့စုဆောင်းခြင်းနှင့် ပျိုးထောင်ခြင်း လုပ်ငန်းများကို နှစ်စဉ်ကြိုတင် ဆောင်ရွက်သွားရန်နှင့် တစ်ပင်စိုက် တစ်ပင်ရှင်အောင် စိုက်ပျိုးသွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မုဒုံမြို့နယ် သစ်တောရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ယနေ့ကမ္ဘာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဟန်ချက်ညီဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အမျိုးသားပတ်ဝန်းကျင် ထိန်းသိမ်းရေးမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မဟာဗျူဟာများ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့သစ်လုပ်ငန်း၊ ပြည်နယ် ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနရုံး၊ ပြည်နယ်သစ်ထုတ်ရေးရုံးနှင့် ပြည်နယ်ဆားလုပ်ငန်းရုံး တို့သို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်