နေပြည်တော် ဩဂုတ် ၂၁
သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ (၂၉)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း တော်ဝင်ခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတု နှင့်ဂေဟစနစ် တည်ငြိမ်မျှတရေးတို့အတွက် အရေးပါသည့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သာမက အခြားဆက်စပ်ဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောဖက်စပ်သည် အများပိုင်စီးပွားရေး အဖွဲ့အစည်း တစ်ခုဖြစ်သဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ စီးပွားရေးလုပ်ငန်းများကို ကောင်းမွန်သော ပူးပေါင်းစီမံ အုပ်ချုပ်မှု (Good Cooperate Governance) နှင့်အညီ အစဉ်အလာကောင်းများ၊ စည်းမျဉ်း စည်းကမ်းများဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ စီမံအုပ်ချုပ် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ထို့ပြင် ရင်းနှီးမြှုပ်နှံသူနှင့် ပြည်သူများ၏ ယုံကြည်မှုရရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များက ရရှိခဲ့သည့် အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များကို သုံးသပ်၍ နိုင်ငံတော်၏အကျိူး၊ ရှယ်ယာရှင်များ၏ အကျိုးကို ရှေးရှုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သဖြင့် လာမည့် ၂၀၂၃ ခုနှစ်ဆိုလျှင် နှစ် (၃၀) ပြည့်မည်ဖြစ်၍ သစ်တောဖက်စပ်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာ စွမ်းဆောင်ရည်ပြည့်ဝသည့် စီးပွားရေးအဖွဲ့အစည်းတစ်ခုအဖြစ် ရေရှည်ရပ်တည်သွားနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ သစ်တောဖက်စပ် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အကြံပေးများ၊ အစုရှယ်ယာရှင်များ တက်ရောက်ကြသည်။
သတင်းစဉ်