နေပြည်တော် ဖေဖော်ဝါရီ ၂
သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ် (၄၄)ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးတင်ပြမည့် အကြောင်းအရာတွင် RCEP စာချုပ်ဝင် နိုင်ငံများအကြား ပုဂ္ဂလိကစက်မှုလုပ်ငန်းများ (MSMEs)နှင့် ကုန်သည်နှင့်စက်မှု လုပ်ငန်းရှင်များအကြား လွတ်လပ်သော စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေမှုဆိုင်ရာ အကြောင်းအရာများသာမက ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်း၊ ကုမ္ပဏီဥပဒေ ဆိုင်ရာ အကြောင်းအရာများပါဝင်သဖြင့် ဝန်ထမ်းများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးကြစေလို ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးပိုက်က “တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအနေဖြင့် နယ်စပ် ဖြတ်ကျော်စက်မှုလုပ်ငန်းများ ချိတ်ဆက်ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးခြင်း”ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက အသိပညာမျှဝေဆွေးနွေးမှုမှတစ်ဆင့် မိမိနိုင်ငံအတွက် အကျိုးရှိစေမည့်နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


