မိတ္ထီလာ ၂၁ မေ
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော တောင်ဖီလာကျေးရွာသို့ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
“မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုနှစ် ကျေးရွာအချို့တွင် အသုံးပြုလျှက်ရှိသည့် မြေသားရေကန်များ၌ ကာလရှည် မိုးရွာသွန်းမှု မရှိခဲ့သဖြင့် ရေနည်းပါလာ၍ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေ၍ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းပြီး သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိရာ ၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း ရေရှားပါးပြတ်လပ်နိုင်သော ကျေးရွာ (၄)ရွာအနက်မှ ကျေးရွာတစ်ရွာဖြစ်သည့် ခင်တဲကျေးရွာအုပ်စု တောင်ဖီလာကျေးရွာတွင် သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်နေ၍ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ရေဂါလန် (၁၆၀ဝ)ကို လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ဦးစီးဌာနမှ မြို့နယ်အတွင်းရေရှားမှု မရှိစေရေးအတွက် ရေရှားပါးနိုင်သည့် ကျေးရွာများကို စီမံချက်များ ရေးဆွဲပြီး ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိသည်။ ၎င်းအပြင် ကျန်ရှိသော ရေရှားပါးနိုင်သည့် ကျေးရွာများကိုလည်း အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ရေရရှိရေး လုပ်ငန်းများ ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိကြောင်း” မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)