ညောင်ဦး      ဇူလိုင်      ၂၆


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် နပ္ပလင်ကျေးရွာနှင့် ကောင်းပင်စည်ကျေးရွာတို့တွင် ဒေသခံ ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်ကြုံနေကြောင်း သိရ၍  ဇူလိုင် ၂၆ ရက်   နံနက် ၈ နာရီက ညောင်ဦးမြို့၊ မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းက ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်ပြီး သောက်သုံး ရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ပရဟိတအသင်းမှ အဖွဲ့ဝင် ဦးအောင်ငြိမ်း ထံက သိရသည်။ 


ထိုသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းရာတွင် ညောင်ဦးမြို့၊ မြတ်စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းမှ ပရဟိတအသင်းသားများက သောက်သုံးရေ အခက်ကြုံနေသည့် ညောင်ဦးမြို့နယ် နပ္ပလင်ကျေးရွာ ဒေသခံ ပြည်သူများအတွက် သောက်သုံးရေဂါလန် ၃၀၀၀ ၊ ကောင်းပင်စည်ကျေးရွာဒေသခံပြည်သူများအတွက်  သောက်သုံးရေဂါလန်   ၃၂၀၀ ၊ စုစုပေါင်း သောက်သုံးရေဂါလန် ၆၂၀၀ အား စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
 

ညောင်ဦးမြို့၊ မြတ်စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းအနေဖြင့် ရပ်ဝေရပ်နီးမှ စေတနာ အလှူရှင်များ၏ သောက်သုံးရေလှူဒါန်းမှုဖြင့် ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်နေသော ကျေးရွာများ ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများကို နေ့စဉ် ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေများ သွားရောက် ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။  
 

ရဲဝင်းနိုင် ( ညောင်ဦး )