ရန်ကုန် ၃၁  မေ

သွေးစတင်လှူဒါန်းရာမှ သွေးနှင့်သွေးပစ္စည်းများ သိုလှောင်၊ ပို့ဆောင်၊ ဖြန့်ဖြူးသည်အထိ ဂျပန်နည်းပညာဖြင့် အဆင်ဆင့် လုံခြုံစိတ်ချစွာ ပြင်ဆင်ထိန်းသိမ်းသည့် “Seminar on Verification Survey for disseminating Japanese Technology for Blood Storage and Transportation Services” ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အမျိုးသားသွေးဌာန၌ ယနေ့နံနက် ၈ နာရီခွဲက ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း၊ ဂျပန်သံရုံးမှ ကောင်စစ်ဝန် Mr.Kazuyuki Takimi ၊ Daido Industries. INC မှ Mr.Shunichi Ogiri တို့က အမှာစကားများ ပြောကြားကြသည်။

ယင်းနောက် Daido Industries. INC မှ Mr.Shunichi Ogiri က လုံခြုံစိတ်ချရသော သွေးသွင်းမှု မြှင့်တင်ရန်အတွက် သွေးသိုလှောင်ခြင်းဆိုင်ရာ ဂျပန်နည်းပညာများ ဖြန့်ဖြူးခြင်းနှင့် ဝန်ဆောင်မှုဆိုင်ရာ အတည်ပြုထားသည့် လေ့လာချက်များအား အစီရင်ခံတင်ပြခြင်းနှင့် မြန်မာနိုင်ငံရှိ သွေးသွင်းမှုဆိုင်ရာ ဝန်ဆောင်မှုတွင် အသုံးပြုသော ကိရိယာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဂျပန်ကြက်ခြေနီအသင်း သွေးစင်တာမှ Mr.Hideto Ogawa က ဂျပန်နိုင်ငံ သွေးဌာနတွင် သွေးသိုလှောင်မှုဆိုင်ရာ စီမံခန့်ခွဲမှု၊ အိုဆာကာ ဆေးဝါးကောလိပ်မှ Dr. Takehiro Kohno  က ဆေးဘက်ဆိုင်ရာ ဂျပန်ပညာရှင်များ၏ သွေးအသုံးပြုမှု တိုးမြှင့်ပုံ၊ ဟီရိုရှီးမား နိုင်ငံတကာတက္ကသိုလ်မှ Professor Akira Kokubunji က ဂျပန်နည်းပညာရှင်များ၏ သွေးသွင်းမှုဆိုင်ရာ စနစ်၏အခန်းကဏ္ဍ၊ Certified transfusion Nurse Ms. Mayumi Matsumoto က ဂျပန်သူနာပြုများအတွက် သွေးသွင်းခြင်းဆိုင်ရာ ပညာရပ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် အမျိုးသားသွေးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင်က နိဂုံးချုပ်စကားပြောကြားသည်။

ယနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ကောင်စစ်ဝန် Mr. Kazuyuki Takimi နှင့် JICA၊ JETRO တို့မှ တာဝန်ရှိသူများ၊ ဆေးဘက်ဆိုင်ရာ     တက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုအသင်းတို့နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Daido Industries မှ Senior Managing Director MrShunsukeOgiri က “အခုအခါ ကုသမှုတွေက အဆင့်မြင့်လာတယ်၊ ခွဲစိတ်ကုသမှုတွေက သွေးလိုအပ်ပါတယ်၊ လှူထားတဲ့သွေးတွေကို သွေးလိုတဲ့ လူနာရှင်အတွက် သိုလှောင်ထိန်းသိမ်းဖို့ အရေးကြီး ပါတယ်၊ ဒီပရောဂျက်က အဲဒါမျိုးကို ထောက်ပံ့ပေးတာဖြစ်ပါတယ်၊ အမျိုးသားသွေး ဌာနက သွေးတွေကို Component သုံးမျိုး ထပ်ခွဲပါတယ်၊ ဒီသုံးမျိုးကိုမတူညီတဲ့ အပူချိန်နဲ့ သိုလှောင်ရပါတယ်၊ ၂ ဒီဂရီစင်တီဂရိတ်ကနေ ၆ ဒီဂရီစင်တီဂရိတ် ကြားထဲမှာ သိုလှောင်ရပါတယ်၊ ဒီနည်းပညာက မြန်မာနိုင်ငံအတွက် အထောက်အကူဖြစ်တာ သိရလို့ ဝမ်းသာပါတယ်” ဟု ပြောသည်။ 

(သတင်းစဉ်)

mdn