ဝါးခယ်မ ၁၄     မေ 


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းအား ယနေ့ နံနက် ၇ နာရီက ဆေးရုံရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ နေအိမ်အသီးသီးသို့ လိုက်လံကာ နေ့စဉ်သုံး ရေကန်၊ ရေပုံးရေတိုင်ကီများနှင့် ဘုရားပန်းအိုးတို့ကို  အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်ခဲ့ပြီး အိမ်ထောင်စုဝင်များအား ခြင်အန္တရာယ်ကြောင့် ဖြစ်တတ်သည့် ရောဂါများနှင့်ပတ်သက်၍လည်းကောင်း၊ အသက်အရွယ်မရွေး ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို လည်းကောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။


အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းအား မေလ ဒုတိယပတ်မှစကာ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု အသီးသီး၌ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါ ကင်းဝေးစေရေးနှင့် ပိုးလောက်လန်းများ မပေါက်ပွားစေရေး ကြိုတင်ကာကွယ်သည့် လုပ်ငန်းစဉ်အဖြစ် အဘိတ်ဆေးခတ်ခြင်းအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


လွှမ်းသီဟ