ကျိုက်မရော ၇ ဇွန်
ကျိုက်မရောမြို့ပေါ် အောင်သုခရပ်ကွက်နှင့် ကလိုင်းကနိုင်ရပ်ကွက်များရှိ နေအိမ်များ၊ ရုံးများ၊ ကျောင်းများသို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရေစည်၊ ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် စသည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နီနီအေး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးဝန်ထမ်းများနှင့်အဖွဲ့များသည် မိုးဦးကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် တစ်အိမ်တက်ဆင်း ရှင်းလင်းဆွေးနွေးကာ အဘိတ်ဆေးများ ခတ်ပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)
