ပဲခူး  ၂၄ မေ

 

ပဲခူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မေ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ပဲခူးမြို့ ဟင်္သာကုန်းရပ်ကွက်၊ ရွှေဖရုံမယ်(၇)လမ်းထိပ်ရှိ ဆွမ်းလောင်ဓမ္မာရုံတွင် သွေးလွန်တုပ်ကွေးရောဂါ မပြန့်ပွားစေရေးအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းများ ပြုလုပ်ကြသည်။

 

ရှေးဦးစွာ ဟင်္သာကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးကိုယ်စား ရာအိမ်မှူး ဦးမြလွင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာခြူးထက်နှင်း (အခြေခံကျန်းမာ/ကျန်းမာပညာ)နှင့် ပဲခူးမြို့အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်တို့က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဖြစ်ပွားမှုမရှိအောင် ကြိုတင်ကာကွယ်လုပ်ငန်းစဉ်များ၊ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားသည်။

 

ထို့နောက် ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါက်တာခြူးထက်နှင်း (အခြေခံကျန်းမာ/ကျန်းမာပညာ)နှင့် ပဲခူးမြို့အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်တို့ ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ရပ်ကွက်အတွင်း ဖုံး၊ သွန်၊ ခတ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ ထည့် လုပ်ငန်းများအား တစ်ဆင်းတစ်အိမ်တက် အုပ်စုများခွဲကာ လိုက်လံဆောင်ရွက်ပြုလုပ်ပေးကြကြောင်း သိရသည်။

 

ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေ ၂၃ ရက်နေ့အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် တက်ရောက်ကုသမှု အနေဖြင့် (၄၅) ဦး ရှိနေပြီဖြစ်ပြီး ဗိုလ်ကုန်း၊ မြို့တွင်းကြီး၊ ဟင်္သာကုန်း၊ ဟံသာဝတီ၊ နန်းတော်ရာ၊ ရှင်စောပု၊ ပုဏ္ဏားစု၊ လိပ်ပြာကန် စသည့်မြို့ပေါ်ရပ်ကွက်များနှင့် ဥဿမြို့သစ်၊ ဘုရားကြီး၊ ပျဉ်ပုံကြီး၊ အင်းတကော်၊ ကျောက်တန်း၊ ဈေးညောင်ပင်၊ ထားဝယ်အင်းစသည့်ကျေးရွာအုပ်စုများ၌ အများဆုံး ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

IMG_1