နေပြည်တော် ၃ ဩဂုတ်
စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး အဏုဇီဝသုတေသနဌာနစုမှ သုတေသန ပညာရှင်များသည် အကျိုးပြု အဏုဇီဝသက်ရှိများ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် သြဂဲနစ်စိုက်ပျိုး ထုတ်လုပ်ရေးတွင် အကျိုးပြုအဏုဇီဝသက်ရှိများ အသုံးချနိုင်ရေးအတွက် ဓာတ်ခွဲခန်း သုတေသန လုပ်ငန်းများအား အစီအစဉ်များချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ယမန်နေ့က စိုက်ပျိုးရေးအဏုဇီဝ ဓာတ်ခွဲခန်းအား ကြည့်ရှုစစ်ဆေးရာ ဌာနစုတာဝန်ခံ ဒေါက်တာမော်မော်သန်းက ဓာတ်ခွဲခန်းအတွင်း သုတေသနအလိုက် တာဝန်ချထားမှု၊ လုပ်ငန်းတာဝန်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် သုတေသနများကို ရေးဆွဲချမှတ်ထားသည့် အစီအစဉ်အတိုင်း ဆောင်ရွက်နေမှုနှင့် ISO 9001: 2015 (QMS) အသိအမှတ်ပြု လက်မှတ်ရရှိထားသော ဓာတ်ခွဲခန်း၏ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လုပ်ကိုင်နေမှုများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သုတေသနပညာရှင်များနှင့် မျိုးဆက်သစ် သုတေသန အလုပ်သင် ဝန်ထမ်းငယ်များက လက်ရှိတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များအား တင်ပြခဲ့ကြသည်။
ယင်းနောက် အကျိုးပြုအဏုဇီဝ သက်ရှိများ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် သြဂဲနစ် စိုက်ပျိုး ထုတ်လုပ်ရေးတွင် အကျိုးပြုအဏုဇီဝများ အသုံးချနိုင်ရေးအတွက် သုတေသနလုပ်ငန်းအစီအစဉ် (၃)ရပ်အောက်ရှိ စီမံကိန်းများထဲမှ ထုတ်လုပ်မှုအဆင့်ဆင့်တွင် ပါဝင်သော ရိုင်ဇိုဘီယမ် ဘတ်တီးရီးယား များ၏ အသက်ရှင်သန်မှု ဦးရေစစ်ဆေးခြင်း သုတေသနစီမံကိန်း၏ ဓာတ်ခွဲခန်းသုတေသနများအား ကြည့်ရှုစစ်ဆေးရာ Plant Infection Method ကို အသုံးပြု၍ ဆောင်ရွက်လျက်ရှိသော ဓာတ်ခွဲခန်းသုတေသနတွင် ကုလားပဲသီးနှံအတွက် (Growth Pouches) စက္ကူအိတ်ညိုထဲတွင်ထည့်၍ စိုက်ပျိုးထားသည့် သုတေသနနှင့် ပဲပုပ်သီးနှံအတွက် (Gemell Roll Tubes) ထဲတွင်ထည့်၍ စိုက်ပျိုးထားသည့် သုတေသနတို့အား သုတေသနလက်ထောက်-၃ ဒေါ်နီလာမြင့်နှင့် ဒေါ်မီမီဂျွန်တို့က ရှင်းလင်းတင်ပြသည်။
မျိုးဆက်သစ် သုတေသနအလုပ်သင် ဝန်ထမ်းငယ်များက စိုက်ပျိုးရေးအဏုဇီဝ ဓာတ်ခွဲခန်းအတွင်းတွင် ပဲတီစိမ်းပင်၏ အမြစ်ဖုမှ ရိုင်ဇိုဘီယမ် သက်ရှိဘတ်တီးရီးယားများကို Congo Red ပါသော Yeast Mannitol Agar ပေါ်တွင် စနစ်တကျ မွေးမြူခြင်းနှင့် အဆိုပါ အကျိုးပြု ဘက်တီးရီးယား၏ Gram-Negative ဖြစ်မှုကို မိုက်ခရိုစကုတ်အောက်တွင် စစ်ဆေးခြင်းတို့အား လက်တွေ့ပြသခြင်းတို့အပေါ် ဓာတ်ခွဲခန်းများအတွက် လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများ၊ ဓာတ်ခွဲခန်းသုံး ဓာတုဆေးများနှင့် အခြေခံလိုအပ်ချက်များအားလုံးကို တတ်နိုင်သမျှ ထောက်ပံ့ ပေးလျက်ရှိရာ သုတေသနပညာရှင်များ၊ အလုပ်သင်များနှင့် ကျွမ်းကျင်ဝန်ထမ်းများကလည်း စနစ်တကျ သိပ္ပံနည်းလမ်းကျစွာဖြင့် အကျိုးရှိစွာအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် အကျိုးရှိမည့် သုတေသနရလဒ်ကောင်းများ ဖော်ထုတ်နိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစား အားထုတ်ရန် ညွှန်ကြားရေးမှူးချုပ်က တိုက်တွန်းမှာကြားသည်။
ဇူလိုင်မိုး