နေပြည်တော် ဇန်နဝါရီ ၃၁
သီးနှံအလိုက်ထိရောက်သော ရေပေးဝေမှုစီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဉီးစွာ ဒုတိယဝန်ကြီးက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် မိမိတို့ ဆည်ကန်များအတွင်း ရေဝင်ရောက်မှု နည်းပါးလာပြီး ကန်ရေပြည့် ရေဝင်ရောက်မှုမရှိသဖြင့် စိုက်ဧကအပြည့်အဝ ရေပေးဝေနိုင်ရေး အကန့်အသတ်များ ဖြစ်လာခြင်းတို့ကြောင့် သုံးသီးစိုက်ပျိုးနိုင်ရေးအတွက် သီးနှံများ၏ ရေလိုအပ်ချက်ကို သိရှိမှသာ ရေစီမံခန့်ခွဲမှုကို ပြုလုပ်နိုင်မည်ဖြစ်သဖြင့် သက်ဆိုင်ရာ ဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လယ်သမားများ၏ စိတ်ဝင်စားမှု ၊ ပူးပေါင်းပါဝင်မှုတို့ကိုရယူပြီး ရေအသုံးပြုသူများအဖွဲ့ (WUG) အားကောင်း စေရန်နှင့် ရေအသုံးပြုသူများ အသင်း(WUA)များကို တိုးချဲ့ဖွဲ့စည်း သွားရမည် ဖြစ်ကြောင်း၊ အလားတူ ဒေသအလိုက် သီးနှံစုံအောင်မြင်စွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက်စိုက်ပျိုးသည့် သီးနှံအလိုက် ရေလိုအပ်ချက်ပေါ်မူတည်၍ ရေကိုချွေတာပြီးထိရောက်စွာ ရေပေးဝေနိုင်ရေး နှင့် လိုအပ်ပါကမျိုးများ၊ စိုက်စနစ်များ ပြောင်းလဲအသုံးပြုနိုင်ရေး သုတေသနလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန်နှင့် နည်းပညာ အသိပညာများ ဖြန့်ဝေပေးနိုင်ရေးကို ဆက်စပ်ဌာန များ အကြား အချိတ်အဆက် မိမိပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ စပါးနှင့် ယာသီးနှံများအတွက် စိုက်ပျိုးကာလအတွင်း သီးနှံရေလိုအပ်ချက် တွက်ချက်ပုံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူက သီးနှံအလိုက် ထိရောက်သော ရေပေးဝေမှုစီမံခန့်ခွဲရေး နှင့်ပတ်သက်၍ ဆောင်ရွက် နေမှုများ၊ တောင်သူများ ကိုယ်တိုင်ပါဝင်သော ရေအသုံးချသူအသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် အားပေးကူညီဆောင်ရွက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် သုတေသနလုပ်ငန်းစဉ်များကို အားပေးမြှင့်တင်ရေး ဆောင်ရွက်နေမှုများ ၊ မြန်မာနိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသည့် ပူးပေါင်း ပါဝင် ဆည်မြောင်းစနစ် လမ်းညွှန်ချက်နှင့် ရေအသုံးချသူများ အသင်းဖွဲ့စည်း ထူထောင်ခြင်း လက်စွဲစာအုပ်များ ရေးသားပြုစုနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဦးစီးဌာနများနှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှတာဝန်ရှိသူများက စပါးသီးနှံ စိုက်ပျိုးရန် ရေလိုအပ်ချက်များ၊ မိုးရေကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် ရေအနည်းလို စပါးမျိုး ထုတ်လုပ်နိုင်မည့် နည်းလမ်းများ၊ သီးနှံအလိုက် ထိရောက်သော ရေပေးဝေမှု စီမံခန့်ခွဲရေး၊ စိုက်ပျိုးရေ ဆုံးရှုံးမှုလျှော့ချရေး၊ ရေချွေတာသုံးစွဲမှုကို တောင်သူများ လက်ခံကျင့်သုံးလာရေး ဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေး ကြိုတင်ပြင်ဆင်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာဒုတိယဝန်ကြီးက ပန်းတိုင်အထွက်နှုန်း ရရှိရေး နှင့် သီးထပ်စွမ်းအား မြင့်မားစေရန် သီးနှံအလိုက် ထိရောက်သော ရေပေးဝေမှု စီမံခန့်ခွဲရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရေအသုံးပြုသူများအဖွဲ့ (WUG)၊ ရေအသုံးပြုသူများအသင်း (WUA) များ၏ ခေါင်းဆောင်များ ၊ သက်ဆိုင်ရာ ဌာနများနှင့် တောင်သူများပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လက်တွေ့ မြေပြင်တွင်အသုံးချနိုင်သည့် သုတေသနလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ကြရန်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


