သီပေါ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “လူကုန်ကူးမှု တားဆီးကာကွယ်ရေး” အသိပညာပေးဆွေးနွေးပွဲ”(Talk Show)ကို ယနေ့ နံနက်(၉) နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေး ဆွေနွေးပွဲပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုအဓိပ္ပာယ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက လူကုန်ကူးမှုအများဆုံး နိုင်ငံများအကြောင်း၊ မြန်မာ နိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုသံသယဖြစ်ဖွယ် သတင်းများကို ရရှိပါက ဆက်သွယ်အကူအညီ တောင်းခံရမည့် ဖုန်းနံပါတ်များစသည့် လူကုန်ကူးမှုနှင့် ပတ်သက်သော အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သီပေါ(ပြန်/ဆက်)