နေပြည်တော် စက်တင်ဘာ ၄

 

ပုဗ္ပသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ တောင်သူဦးတင်ထွန်း၏ မိုးစပါး စိုက်ခင်း၌ စုပေါင်းမြေသြဇာ ကြဲပက်ခြင်း၊ စက်ဖြင့် ကြားပေါင်းလိုက်ခြင်း၊ သမန်းနိုးခြင်း၊ ဆေးဖျန်းခြင်း သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ သရုပ်ပြပွဲ၌ မူလမြေခံနှင့် သီးနှံ၏အာဟာရ လိုအပ်ချက်အပေါ် မူတည်၍ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာကို အချိုးကျအသုံးပြုခြင်း၊ သဘာဝပိုးသတ်ဆေးများ ကိုယ်တိုင်ဖော်စပ် အသုံးပြုခြင်းတို့ဖြင့် သွင်းအားစုစရိတ် လျှော့ချနိုင်ရေး နည်းလမ်းများကို လက်တွေ့ အသုံးပြုပြီး သီးနှံပေါ်ချိန်တွင် ရရှိမည့်အကျိုးအမြတ် ပိုမိုခံစားနိုင်ရေး မျှော်မှန်းဆောင်ရွက်ရန်လို အပ်ချက်များ၊ သီးထပ်စိုက်ပျိုးရာတွင် မြေဆီဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး ပညာရှင်များ၏ အကြံပြုသီးနှံပုံစံများ အသုံးပြုဆောင်ရွက်ရန် လိုအပ်ချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဒေသခံ တောင်သူများနှင့်တွေ့ဆုံစဉ် ဆွေးနွေးမှာကြားခဲ့သည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက နေပြည်တော်ကောင်စီနယ်မြေအတွင်း တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက် နေမှု၊ စက်မှုလယ်ယာစနစ် အသုံးပြုမှုနှင့် သီးနှံအလိုက် မျိုးကောင်း မျိုးသန့်များ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး က မိုးစပါးလျာထားအထွက်နှုန်း ပြည့်မီရေး၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများအပြင် ဒေသ၏ သီးနှံစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးကိုပါ မျက်ခြေမပြတ် စီမံဆောင်ရွက်ရန လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ တွဲဖက်အသုံးပြု၍ မြေသြဇာစုပေါင်း ကြဲပက်နေမှု ကို လည်းကောင်း၊ စက်ဖြင့်ကြားပေါင်းလိုက်ခြင်း၊ သမန်းနိုးခြင်း၊ ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

 

ထိုမှတဆင့် လယ်ဝေးမြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ ပုဂ္ဂလိက အသားတိုးကြက် မွေးမြူရေးခြံကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာအုပ်စု ရှားချောင်း ကျေးရွာ ပုဂ္ဂလိကမွေးမြူရေးခြံ၏ ဒေသကျွဲ၊ ဒေသနွား၊ နို့စားနွားများ မွေးမြူထားရှိမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ရေပြာရိုးကျေးရွာအနီးတည် ဆောက်ထားသည့် သဲဖြူရေလှောင်တမံနှင့် မြို့ကုန်းကျေးရွာအနီးရှိ မဒန်းရေလွှဲဆည်များသို့ သွားရောက်ပြီး တမံကြံ့ခိုင်မှု ၊ ရေဝင်ရောက်မှု နှင့် စိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆည်တမံများအားလုံး သန့်ရှင်း သာယာလှပ၍ အပန်းဖြေဒေသများ ဖြစ်စေရေး အဆင့်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဆည်ရေသောက် ဧရိယာအတွင်း သီးနှံစိုက် စွမ်းအားမြှင့်တင်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်