ရန်ကုန်၊ အောက်တိုဘာ၂၉
ယနေ့သည် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့်တန်ခိုးကြီး ဘုရား၊ စေတီများ၌ အဘိဓမ္မအခါတော်နေ့ အခမ်းအနားများကို ကျင်းပကြရာ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်၊၊
ရွှေတိဂုံစေတီတော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ဆွမ်းတော်ကြီးကပ်လှူပွဲ၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနား၊ ဝါတွင်းသီလ ခံယူပွဲနှင့်ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ) ရေစက်ချ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပကြသည်၊၊
ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားတော်များအား အရုဏ်တက်ချိန်တွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများကို ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ဆက်ကပ်လှူ ဒါန်းကြသည်၊၊
ထို့နောက်ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ အမေးအဖြေများပြုလုပ်ခြင်း၊ ဓမ္မဒေသနာတော်များ စုပေါင်းရွတ်ဆိုခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်း စသည့်ဖြင့်အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်၊၊
ယင်းနောက် ဝါတွင်းသီလခံယူပွဲနှင့် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ) ရေစက်ချ အခမ်းအနားကို ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညို ကြသည်၊၊
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဒါရုံ ကျောင်းတိုက် ပဓာနနာယက ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဏိတ၊ သ၊ စ၊ အ ပါဠိပါရဂူ တိပိဋကဓရ ဓမ္မဘဏ္ဏာဂါရိက ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ထံမှဧည့် ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်၊၊
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်း က ဇယမင်္ဂလာ အနုမောဒနာစာတမ်းကို ဖတ်ကြားလျှောက်ထားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ ၊အလှူရှင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်လက်လှူဒါန်းကြသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယအဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒွိပိဋကဓရဝိနယ+ဒီဃနိကာယ ပါဠိပါရဂူရွှေပြည်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြားပြီး ရေစက်ချအမျှပေးဝေကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ယနေ့သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ၌ ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်နှင့် အရှေ့၊ အနောက်၊ တောင်၊ မြောက်စောင်းတန်း လေးသွယ်၌ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်၊၊
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများသည် ရွှေတိဂုံစေတီတော် ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီး ၁၁၀၀၀ ကို ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့ကကြီးမှုး၍ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ဂန္ဓကုဋိတိုက်အတွင်း၌ ကျင်းပရာ အရုဏ်တက်ချိန်တွင် စေတီတော်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အဘိဓမ္မာတရားတော်များကို ရွတ်ဖတ်ပူဇော်ကြကာ ညနေပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဘုရားဖူးလာပြည်သူများက ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြသည်။
ထို့ပြင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားတွင် ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်၍ အနုမောဒနာ တရားနာကြားပြီး လှူဖွယ်ဝတ္ထု ပစ္စည်းအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေကြကာ ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဝတ်အသင်းသူ၊ အသင်းသားများနှင့် အလှူရှင်များက ဆီမီး၆၅၀၀ ထွန်းညှိ ပူဇော်ကြသည်။
ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် စေတီတော်ရင်ပြင်ရှိ နန်းဦးဘုရား တန်ဆောင်း၌ကျင်းပရာ ဂေါကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်ြမတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ကြသည်။ ညပိုင်းတွင် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်ကြသည်။
အလားတူဆူးလေစေတီတော်၊ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ မင်းဓမ္မကုန်းတော်ရှိ လောကချမ်းသာအဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ရွှေဘုန်းပွင့်စေတီတော်နှင့် ဆုတောင်းပြည့် မယ်လမုစေတီတို့တွင်လည်း ဂေါပကအဖွဲ့များက ကြီးမှူး၍ ယနေ့နံနက်ပိုင်း အာရုဏ်တက်ချိန်တွင် စေတီတော်နှင့် ဘုရားရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေးချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များက အဘိဓမ္မာတရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ယနေ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ရန်ကုန်မြို့ရှိ ဘုရားစေတီများတွင် ဘုရားဖူးလာပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ကြခြင်း၊ အလှူရှင်များက စတုဒီသာ ကျွေးမွေးလှူဒါန်းကြခြင်း၊ မြို့နယ်/ ရပ်ကွက် အသီးသီးရှိလမ်းများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ကြခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုးအဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ ဆီမီးများ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြရာမြန်မာတို့၏ ချစ်စရာ ကောင်းသော ယဉ်ကျေးမှုဓလေ့ပင်ဖြစ်သည်။
သတင်း-ကိုကိုဇော်(MNA)
ဓာတ်ပုံ-ဇော်လတ်