နေပြည်တော်၊ အောက်တိုဘာ ၂၉

 

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါန ပြုကြသူများ၊ အပန်းဖြေနေရာများ၌ လာရောက်အပန်းဖြေကြသူများ၊ ဈေးဝယ်စင်တာများ၌ ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

 

ရွတ်ဆိုပူဇော်

 

ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၅) ကြိမ်မြောက် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားနှင့် (၁၅၄) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကိုကျင်းပရာ ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အဘိဓမ္မာ ခုနစ်ကျမ်း ပါဠိတော် ကောက်နုတ်ချက်များကို ရွတ်ဆိုပူဇော်ကြသည်။

 

အဆိုပါအခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ သြဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့ ရုံးဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

 

အခမ်းအနားတွင် စေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နေပြည်တော်လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြကာ ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် လယ်ဝေးမြို့ အင်းသာအရှေ့ ကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပဏ္ဍိတထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။

 

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော် (ဗုဒ္ဓဂါယာ- နေပြည်တော်)၊ မဟာသကျရံသီ ရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင် ရွှေလက်လှစေတီတော်၊ ဓာတုစယဓာတ်ပေါင်းစုစေတီတော်၊ ထာဝရ ငြိမ်းချမ်းရေးစေတီတော်၊ လှေခွင်းတောင် တန်ခိုးကြီးဘုရား၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်၊ သံသရာငြိမ်းအေး စေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ ဖောင်တော်ချက်မစေတီ၊ လက်လုပ်တောင်စေတီ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ပတ်ဝန်းကျင်ဒေသများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသူများသည် တရားဘာဝနာပွားများခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်ခြင်း စသည့် ကုသိုလ်ပြုမှုများဖြင့် စည်ကားခဲ့သည်။

 

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရဝဏ်အတွင်းရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်၌လည်း ဆင်စာကျွေးကြသူများ၊ နိဗ္ဗာန်ကုန်ဆိုင်များနှင့် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များတွင်လည်း ဈေးဝယ်ကြသူများဖြင့် စည်ကား ခဲ့သည်။

 

ညပိုင်းတွင်လည်း အဆိုပါဘုရားများ၌ ဆီမီးပူဇော်ပွဲများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများနှင့်နေအိမ်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးနှင့် လျှပ်စစ်မီးရောင်စုံ ထွန်းညှိပူဇော်ကြသူများ၊ မိဘဘိုးဘွားများနှင့် ဆရာသမားများကို လိုက်လံကန်တော့ကြသူများဖြင့် စည်ကားလျက်ရှိသည်။

 

စည်ကား

 

အလားတူ နေပြည်တော်ရှိ Ocean Super Center ၊ Junction Center ၊ Naypyitaw Wholesale တို့ရှိ ဈေးရောင်းပွဲတော်များတွင် ဈေးဝယ်ကြသူများနှင့် မင်္ဂလာကန်တော်၊ နေပြည်တော်ရေပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်နှင့် နေပြည်တော် အမျိုးသား အထိမ်းအမှတ် ဥယျာဉ်တို့တွင် အပန်းဖြေလာရောက် ကြသူများဖြင့်စည်ကားခဲ့ပြီး နေပြည်တော်အတွင်းရှိ ဘောဂသိဒ္ဓိ ကားကြီးဝင်း၊ မြို့မဈေးနှင့် သပြေကုန်း ကားဝင်းတို့တွင်လည်း အများပြည်သူများ စိတ်အေး ချမ်းသာစွာ ခရီးသွားလာရန် ပြင်ဆင်နေမှုများကို တွေ့ရသည်။

 

မြန်မာတို့အတွက် သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ အဘိဓမ္မာ အခါတော်နေ့လည်းဖြစ်သည်။ အဆိုပါ နေ့ထူးနေ့မြတ်တွင် နိုင်ငံအနှံ့ရှိ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်းပြီး မီးပုံးများ၊ ဆီမီး ရောင်စုံများ ထွန်းညှိ၍ မီးမြင်းမိုရ်ပွဲများ ကျင်းပခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ သက်ကြီးရွယ်အိုများနှင့် မိဘ ဘိုးဘွားများအား ကန်တော့ခြင်း၊ ဒါနသီလကုသိုလ် ပွားများခြင်းစသည့် သူတော်ကောင်းတရားများကို ပွားများအားထုတ် ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

 

သတင်းစဉ်