နေပြည်တော် နိုဝင်ဘာ ၁၆

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၊  စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော အထွက်ကောင်းစပါးမျိုးများ မျိုးရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်း ကျေးရွာတွင်ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်အားပေးသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနက မွေးမြူထုတ်လုပ်သည့် ရွှေသွယ်ရင် ၊ ရွှေရီတိုး ၊ ရက်-၉၀ သက်တမ်းတိုစပါးမျိုးများကို တဲကြီးကုန်းကျေးရွာ တောင်သူစိုက်ကွင်းတွင် စိုက်ပျိုးရေးဦးစီးဌာန က တာဝန်ယူ စမ်းသပ် စိုက်ပျိုးထားခြင်းဖြစ်ပြီး မျိုးစေ့ချသည်မှ ပင်ပွားထွက်ချိန် ၊ အနှံထွက်ချိန် နှင့် ရေသွင်းရေထုတ်လုပ်ငန်းများအပါအဝင် စပါးပင်၏ သက်တမ်းတစ်လျောက်အား စောင့်ကြည့်မှတ်တမ်းကောက်ယူပြီး မရိတ်သိမ်းမီကာလ တွင် ယခုကဲ့သို့ တောင်သူများကိုယ်တိုင် မိမိတို့နှစ်သက်သည့်မျိုးကို ရွေးချယ်၍  မဲပေး စေသည့် စနစ်ဖြင့် မျိုးတစ်ခုချင်း၏ တောင်သူအကြိုက် ညွှန်းကိန်းကို ကောက်ယူခြင်း ဖြစ်ကြောင်း၊ ကိန်းဂဏန်းသာမက စပါးမျိုးများ၏ အရည်အချင်း လက္ခဏာအပေါ် တောင်သူ၏ ရွေးချယ်ချယ်မှု အကြောင်းပြချက် မှတ်ချက်များကိုပါ မှတ်တမ်းတင်စာရင်း ပြုစုသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူလယ်သမား များသည် တောင်သူဦးကျောက် ၏ လယ်မြေတွင် စိုက်ပျိုးထားသော ပြည့်ဝဆင်းဧကရီ-၃ နှင့် ပခန်းရွှေဝါ မိဘမျိုး(၃)မျိုးစပ် မွေးမြူထားသည့် သားဆက်လိုင်းများရွေးချယ်ခြင်း စိုက်ကွင်း ၊ ဧရာမင်းနှင့် ပြည့်ဝ စပါးမျိုးစပ်မွေးမြူထားသည့် သားဆက်လိုင်းများ ရွေးချယ်ခြင်း စိုက်ကွင်း ၊ တောင်သူ ဦးမျိုးဝင်း ၏ လယ်မြေ၌  မိုးစပါးတွင် နှမ်းရိုးဆွေး လက်တွေ့အသုံးပြုနည်း စမ်းသပ်ကွက်တို့ကို ကြည့်ရှုအားပေးသည်။ 

ယခုကဲ့သို့ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော စပါးမျိုးရွေးချယ်ခြင်းသည် တောင်သူ့စိတ်ကြိုက်စပါးမျိုးများနှင့် ယင်းတို့၏ သတင်းအချက်အလက်များကို လျင်မြန် ထိရောက်စွာ သိရှိနိုင်ရန် နှင့် တောင်သူကိုယ်တိုင် စပါးမျိုးသန့် မျိုးထုတ်စိုက်ပျိုးနိုင်သည့် အဆင့်အထိ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်