နေပြည်တော်၊ နိုဝင်ဘာ ၁၄

 

SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေ ရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကို ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းအဆင့်-၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် (၆) ဘဏ်မှတစ်ဆင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်အထိ SME လုပ်ငန်းရှင် (၆၀၄) ဦး သို့ ချေးငွေကျပ် (၁၃၈ ဒသမ ၁၄၈) ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း၊ စီမံကိန်းအဆင့်-၂ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ ဖြစ်သော PFI ဘဏ် (၁၁) ဘဏ်မှ တစ်ဆင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်အထိ SME လုပ်ငန်းရှင် (၁၇၇၃) ဦးသို့ ချေးငွေကျပ် (၃၃၉ ဒသမ ၁၇၉) ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း။

 

MSME နှစ်ဆင့် ချေးငွေများကို သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရေး၊ ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ကိုအားပေးကူညီပြီး နိုင်ငံတော်အတွက်လိုအပ်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် MSME လုပ်ငန်းများသို့ ဆက်လက်ထုတ်ချေးနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် Working Committee အဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများနှင့် ညီညွတ်အကျုံးဝင်သည့် SME လုပ်ငန်းများသို့ အတိုးနှုန်း သက်သာသည့် ချေးငွေများ ထုတ်ချေးနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး ကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဘဏ်များက ချေးငွေများထုတ်ချေးရာတွင် ကြုံတွေ့ရသည့် အခြေအနေများကို စီမံကိန်းကြီးကြပ်ရေးအဖွဲ့က တင်ပြပြီး လုပ်ငန်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေး ထောက်ပံ့မှုများကို ကူညီပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေ စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်