နေပြည်တော်   စက်တင်ဘာ   ၆

 

ဓာတ်ပုံပညာသည် ပြန်မရနိုင်သည့် အခိုက်အတန့်များကို မှတ်တမ်းတင်ခြင်းဖြစ်ပြီး  နိုင်ငံတစ်နိုင်ငံ၏ သမိုင်းနှင့် လူမှုယဉ်ကျေးမှုသမိုင်းများကို ဓာတ်ပုံများက ထင်ဟပ်စေသည်ဖြစ်၍ သမိုင်းမှတ်တမ်းကောင်း များကို ကောင်းမွန်စွာမှတ်တမ်းတင် ထိန်းသိမ်းနိုင်ရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။

 

ဓာတ်ပုံရိုက်ကူး တည်းဖြတ်နည်းသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယင်းသို့   ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

 

ပြည်ထောင်စုဝန်ကြီးက  ယခုသင်တန်းသည် ဝန်ကြီးဌာနအတွက်သာမက သင်တန်းသားများအတွက်လည်း ဓာတ်ပုံပညာကို အခြေခံရိုက်ကူးနိုင် သည့်အဆင့်မှ Professional အဆင့်အထိ ရိုက်ကူးတည်းဖြတ်နိုင်စေရန်   ရည်ရွယ်၍  ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနများ၏ ပြုပြင်ပြောင်းလဲဆောင်ရွက်နေသည့် အခန်းကဏ္ဍတွင်  ဓာတ်ပုံရိုက်ကူးတည်းဖြတ်ခြင်းသည်လည်း ထိရောက် အကျိုးရှိသည့်နေရာတွင် ရှိနေကြောင်း။

 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား နုပျိုသစ်လွင်သည့်စိတ်များ ဖြစ်ပေါ်စေရန် ဖျော်ဖြေရေး အစီအစဉ် များကို    ဆောင်ရွက်ပေးရသကဲ့သို့ ယနေ့ဖြစ်ပေါ်နေသည့်  ပကတိအခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူများ သတင်းမှန်သိရှိနိုင်စေရန် ဖော်ထုတ်ရေးသားရပါကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာများ တိုးတက် လာမှုနှင့်အတူ မိမိရိုက်ကူးထားသော ဓာတ်ပုံများကို အရည်အသွေး ပိုမိုကောင်းမွန်သည့်  ဓာတ်ပုံများ ဖြစ်လာစေရန်  နည်းပညာကို အသုံးပြု၍ ပြုပြင်ဖန်တီးနိုင်သည့် ပညာရပ်များကိုလည်း တတ်မြောက်ထားရန် လိုအပ်ပါကြောင်း။

 

ယခုသင်တန်းတွင် သင်ကြားပေးသည့် ဓာတ်ပုံပညာနှင့် သတင်းဆိုင်ရာ ဘာသာရပ်များသာမက ပိုမိုသစ်လွင် ကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာသင်ယူ၍ ဝန်ကြီးဌာနနှင့်ဦးစီး ဌာနများ၏ ရည်မှန်းချက်တာဝန်များ ပေါက်မြောက်အောင်မြင်စေရေး ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊   သင်တန်းသားများအနေဖြင့်လည်း နည်းပြများ၏ ဘာသာရပ်များပို့ချမှုကို အလေးထား လိုက်နာသင်ယူပြီး သင်ကြားခဲ့ရသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည်အထိ ကြိုးစားသင်ယူ၍    လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ ကိုလည်း   ပြန်လည်မျှဝေပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ယခုဖွင့်လှစ်သည့် ဓာတ်ပုံရိုက်ကူးတည်းဖြတ် နည်းသင်တန်းကို စက်တင်ဘာ ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၀ တက်ရောက်ကြသည်။ 

 

အဆိုပါသင်တန်းတွင် ဓာတ်ပုံရိုက်ကူးတည်းဖြတ် နည်းဘာသာရပ်များ၊ Indoor၊ Outdoor လက်တွေ့ ရိုက်ကူးခြင်း၊ သတင်း၏ အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းနှင့် သတင်းဆောင်းပါးများ ရေးသားခြင်း၊ အွန်လိုင်းအသုံးပြု၍   သတင်းများထုတ်ပြန်ခြင်း၊ သတင်းအပြန်အလှန် စီးဆင်းရေးဘာသာရပ်များကို သင်ကြားသွားမည်ဖြစ်သည်။ 

 

ထို့ပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  တာဝန်ရှိသူများကလည်း ဦးစီးဌာန၏ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများ၊ MOI Website၊ MOI App၊ Mtube App ရေးဆွဲနေမှုနှင့် IT နည်းပညာများ၊ ဓာတ်ပုံပညာမျှော်မှန်းချက်နှင့် ဓာတ်ပုံပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှု၊ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များ၊  မီဒီယာနှင့်  သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုဘာသာရပ်များကို ညစာကြည့်ချိန်များတွင် လာရောက်ဆွေးနွေးပေးမည်ဖြစ်ကြောင်း သိရသည်။                                             

သတင်းစဉ်