မြိတ် ၂၃ မေ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သမုတ်မြစ်ကိုဖြတ်၍ မြိတ်မြို့နှင့် ပုလောမြို့သို့ ဆက်သွယ်ပေးမည့် သမုတ်-လွတ်လွတ် တံတားတည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ၄၂ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အကုန်တွင် တံတားတစ်စင်းလုံး၏ (၇၃) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားတည်ဆောက်ရေး အဖွဲ့(၄) မှ သိရသည်။
အဆိုပါတံတားသည် အရှည်ပေ (၁၂၈၇) ပေ၊ သံမဏိသံဘောင်တံတား (Steel Box Girder) & R.C Decking ဖြစ်သည်။ ယာဉ်သွားလမ်းအကျယ် (၂၄ပေ) နှင့် လူသွားလမ်းအကျယ် (တစ်ဖက်လျှင်) (၃ ပေ) စီ၊ ရေလမ်းကင်းလွတ်အကျယ် (၁၆၄) ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၁၅ပေ)၊ ခွင့်ပြုယာဉ် အလေးချိန်(၇၅)တန်ဖြစ်ကြောင်း သိရှိရသည်။
စီမံကိန်း ခန့်မှန်းတန်ဖိုးငွေမှာ ချဉ်းကပ်လမ်းအပါအဝင် (၁၁. ၈) ဘီလီယံကျပ်ဖြစ်ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ၂ဝ၁၈-၂ဝ၁၉ ခု၊ ဘဏ္ဍာရေးနှစ်အထိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ (၆.၃) ဘီလီယံကျပ် ရရှိပြီးဖြစ်ကြောင်းနှင့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ထပ်မံလိုအပ်ရန်ပုံငွေ (၅.၅) ဘီလီယံကျပ်အနက် ပြည်ထောင်စုရန်ပုံငွေ (တစ်ဘီလီယံ) ကျပ်နှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ (၄.၅)ဘီလီယံကျပ်အား လျာတားတင်ပြထားရှိပြီး ရန်ပုံငွေရရှိပါက ၂ဝ၂ဝခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့တွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သမုတ်ဘက်ကမ်းရှိ ကျေးရွာအုပ်စု (၃) အုပ်စု၊ ကျေးရွာပေါင်း (၁၂) ရွာမှ ပြည်သူလူထု (၁၂ဝဝဝ) ကျော်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စများဖြင့် မြိတ်မြို့သို့ သွားလာရာတွင် ယခုရှောင်ကွင်းလမ်းမှပတ်၍ (၄၈)မိုင် ခန့်သွားလာနေရာမှ တံတားပြီးစီးပါက (၁၇) မိုင်ခန့်သာ သွားလာရမည်ဖြစ်ပြီး၊ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးအတွက် အဓိကကျသော အာဆီယံလမ်းမကြီး ( AH-112 ) ပေါ်တွင် တည်ဆောက်ထားသဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ကုန်သွယ်စီးဆင်းမှု လျင်မြန်ချောမွေ့စေခြင်းနှင့် အများပြည်သူများ လွယ်ကူစွာ သွားလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည့် တံတားတစ်စင်းဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)