နေပြည်တော်၊ ဇွန် ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ညွန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ သမဝါယမဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ မှာကြားပြီး မြို့သစ်မြို့နယ်၊ သမဝါယမအသင်းစု၏ ဆန်စက်လည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ နှင့်တွေ့ဆုံပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ သင်တန်းကျောင်း ကွန်ပျူတာခန်းမနှင့် စာသင်ဆောင်များ၊ သင်တန်းသား၊ သူများ၏ အိပ်ဆောင်များ၊ စားရိပ်သာ၊ ရေချိုးခန်းများနှင့် သန့်စင်ခန်းများ ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။

သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) ကို ဇွန် (၁၆) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အခြေခံအဌမတန်း အောင်မြင်ပြီးသူများ တက်ရောက်နိုင်မည်ဖြစ်ကာ သင်တန်းကာလမှာ (၂) နှစ် ဖြစ်ကြောင်း၊ လက်ရှိကျောင်းအပ်နှံ ထားသူဦးရေ ကျား ၂၉ ဦး၊ မ ၄၉ ဦး၊ စုစုပေါင်း (၇၈) ဦးရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြို့သစ်မြို့နယ်၊ လေးတိုင်စင် ကျေးရွာအုပ်စု၊ စိုင်ကြံတောင် တဲတိုက်ကျေးရွာသို့ ရောက်ရှိပြီး ဆိုလာစနစ်ဖြင့် သောက်သုံးရေ ရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်