နေပြည်တော် ဇွန် ၁၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် Snack & Bakery နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲ တမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ MSME လုပ်ငန်းများကျယ်ပြန့်လာစေရေးအတွက် ရုံးချုပ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ပြီး လက်ဆင့်ကမ်းမျှဝေ ဖွင့်လှစ်ပို့ချသွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သင်တန်းမှ သင်ကြားပိုချပေးလိုက်သည့် မုန့်ဖုတ်လုပ်သည့် နည်းပညာများကို မူပိုင်ခွင့် ဥပဒေနှင့်အညီ အခြေခံ၍ မိမိဘာသာ ဆန်းသစ်တီထွင်ကာ ကိုယ်ပိုင်အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို ထူထောင်နိုင်ပြီး မိသားစုဝင်ငွေ တိုးပွားရုံသာမက နိုင်ငံ့ဝင်ငွေတိုးပွားစေရန် ကျရာကဏ္ဍမှ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းမှသင်ကြားပေးသည့် ပညာရပ်များကို ကောင်းစွာ အသုံးချပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးလာနိုင်သည်နှင့်အမျှ ဝင်ငွေလည်းတိုးပွား လာမည်ဖြစ်သည့်အတွက် MSME အခန်းကဏ္ဍကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး ဒုတိယဝန်ကြီးက သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများ ပြုလုပ်ထားသည့် Butter Cake ၊ Banana Cake ၊ Chocolate Cake ၊ Chiffon Cake ၊ Cup Cake ၊ Cookies ၊ ကိတ်မုန့်ခြောက်၊ ပူတင်းပေါင်မုန့်၊ ပဲပေါင်မုန့်၊ စနိုးပူတင်း၊ ဆနွင်းမကင်း အစရှိသော မုန့်အမျိုးမျိုးကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်


