ရန်ကုန် စက်တင်ဘာ ၁၄
ရန်ကုန်မြို့နေပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် ငွေကျပ် ၅၄၀၀ နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားစီကို လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ကျပ် နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁၀) လုံးစီကိုလည်းကောင်း၊ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုးတို့ကိုလည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏စီစဉ်မှုဖြင့် ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးနေမှုကို မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ (၅) လမ်းနှင့် သခင်ဖိုးလှကြီးပတ်လမ်းထောင့်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကိုလိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန်မှာကြားပြီး Mask များဝေငှသည်။
အလားတူ ယနေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် သင်္ဃန်းကျွန်းမြို့နယ် မြဝတ်ရည်လမ်း၊ ဆောက်လုပ်ရေးဝန်ထမ်းအိမ်ရာဝင်း၊ အင်းစိန်မြို့နယ် ချမ်းမြေ့စည်ပင်အိမ်ရာဝင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝင်း၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနရုံးဝင်း၊ ရောဂါရှာဖွေရေးဓာတ် ခွဲခန်းဝင်း၊ မင်းဓမ္မလမ်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝင်း၊ ရွာမအရှေ့ ရပ်ကွက်၊ တောင်သူကုန်းရပ်ကွက်၊ မရမ်း ကုန်းမြို့နယ် မုဒိတာအိမ်ရာဝင်း၊ (၈) မိုင်မြို့ပြ အိမ်ရာဝင်း၊ မြောက်ဥက္ကလာပမြို့နယ် ဝေပုလ္လအိမ်ရာဝင်းတို့တွင်လည်း Mobile Market စနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထို့ပြင် မြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ အမှတ် (၂) လမ်းမကြီးဘေး၊ ပြည်ထောင်စုအိမ်ရာဝင်းနှင့် သင်္ဃန်းကျွန်း ကွန်ကရိဖျော်စက်အကြား ကွန်ကရိလမ်း ခင်းကျင်းနေမှု၊ ကွန်ကရိဖျော်စက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် သင်္ဃန်းကျွန်း မြို့နယ် ပညာရေးဒီဂရီကောလိပ်ဝင်းအတွင်း အုတ်ရေမြောင်း တည်ဆောက်နေမှုလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
သတင်းစဉ်