မန္တလေး ဧပြီ ၂၁
သင်္ကြန်အပြီးကာလ နှစ်သစ်အခါသမယတွင် မန္တလေးပဲဈေးကွက်၌ ပြည်ပပို့ကုန် ပဲအမျိုးအစားများ ရောင်းအားကောင်းမွန် သွက်လက်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။
သင်္ကြန်အပြီးကာလ မန္တလေးပဲဈေးကွက် စတင်ဖွင့်လှစ်ချိန်တွင် ရောင်းသူ၊ ဝယ်သူများဖြင့် စည်ကားလျက်ရှိပြီး ပြည်ပပို့ကုန်ပဲအမျိုး အစားများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ပြောင်းဖူးစေ့၊ နှမ်း၊ မြေပဲလုံးဆန်၊ မြေထောက်ပဲ၊ ပဲကြီး၊ ပဲဇီးကွက် စသည့် ပဲအမျိုးအစားများ ရောင်းအားကောင်းလျက်ရှိကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။
“သင်္ကြန်အပြီးကာလ မန္တလေးဈေးကွက် စတင်ဖွင့်လှစ်ချိန်မှာပဲ ရောင်းသူဝယ်သူတွေနဲ့ လူစုံတက်စုံ စည်ကားနေပြီး အရောင်းအဝယ်တွေလည်း သွက်လက်နေပါတယ်။ ဒီနှစ်ထူးခြားချက်ကတော့ ရှမ်းပဲပုတ်ကို ဆီအဖြစ်ကြိတ်ပြီး မန္တလေးဈေးကွက်အတွင်းမှာ ရောင်းချနေကြတယ်။ ပဲပုတ်ကို ဆီကြိတ်တာကလည်း နေကြာဆီကဲ့သို့ ပြည်ပကဝင်ရောက်မှုကို အထိုက်အလျောက် တားဆီးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အန္တရာယ်ကင်းရှင်းတဲ့ ပဲပုတ်ဆီကို စားသုံးသင့်ပါတယ်။ ပဲပုတ်ဆီနှစ်မျိုးရှိတဲ့အနက် မြန်မာပဲပုတ်ထက် ရှမ်းပဲပုတ်ဆီကို တွင်တွင်ကျယ်ကျယ်နဲ့ ရောင်းချလာကြတာကို တွေ့ရပါတယ်” ဟု ၎င်းကရှင်းပြသည်။
လက်ရှိအချိန်တွင် မန္တလေးပဲဈေးကွက်အတွင်း အန္ဒိယပို့ကုန်ဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ တရုတ်ပြည်ပို့ကုန်များဖြစ်သည့် ပဲတီစိမ်း၊ နှမ်း၊ မြေပဲလုံးဆန်၊ ပဲဇီးကွက်၊ ပဲယင်း၊ ထောပတ်ပဲ၊ ထိုင်းပို့ကုန်ဖြစ်သည့် ပြောင်းဖူးစေ့တို့မှာ သင်္ကြန်မတိုင်မီကာလကထက် ဈေးနှုန်းများ ပိုမိုမြင့်တက်ကာ ရောင်းအားကောင်းလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ပြည်တွင်းစားသုံးဆီများအနေဖြင့် ပုံမှန်ဈေးနှုန်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိတွင် ဈေးကွက်အတွင်း၌ ပြည်သူအများစားသုံးသည့် ပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀၊ နေကြာဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀ မှ ၆၀၀၀၊ ပဲပုတ်ဆီ တစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀ မှ ၇၀၀၀ ဈေးတို့ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


