ရန်ကုန် ၂၄ သြဂုတ်
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အရှေ့ခြမ်း၊ အနောက်ခြမ်း နှစ်ပိုင်းခွဲ၍ မြန်မာ့မီးရထားမှ ခရီးစဉ်များကိုပြေးဆွဲလျက်ရှိရာ မိုးများသောအချိန်၌ ရထားသံလမ်းများ ရေဝပ်ရေလျှံမှုကြောင့် မြို့ပတ်ရထားများ သွားလာရေးအခက်အခဲမရှိစေရန် မြို့ပတ်ရထားလမ်းနှင့် ဘူတာများ အဆင့်မြှင့်တင်မှုတွင် သံလမ်းနှစ်ခုကြား၌ ကွန်ကရစ်ရေနုတ်မြောင်းများကို တည်ဆောက်လျက်ရှိပြီး မိုးများသော ယခုနှစ်တွင် ထိုရေနုတ်မြောင်းများ တည်ဆောက်မှုဖြင့် ရထားသံလမ်းများ ရေဝပ်ရေလျှံမှုလျော့နည်းကျဆင်း၍ ခရီးသွားလာမှု မြန်ဆန်လျက်ရှိကြောင်း သိရသည်။
သံလမ်းနှစ်ခုကြား ကွန်ကရစ်ရေနုတ်မြောင်းများ တည်ဆောက်ရာ၌ တညင်းကုန်းဘူတာကိုဗဟိုပြု၍ ရန်ကုန်- အင်းစိန်- တညင်းကုန်လမ်းပိုင်းကို အနောက်ခြမ်းအဖြစ်လည်းကောင်း၊ တညင်းကုန်း- မင်္ဂလာဒုံ- ပုဇွန်တောင်ကို အရှေ့ခြမ်းအဖြစ် တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိရာ တညင်းကုန်း- အင်းစိန်- ကြည့်မြင်တိုင်လမ်းပိုင်း ရထားလမ်းလုပ်ငန်း ပြီးစီးပြီဖြစ်သည်။ ကြည့်မြင်တိုင်နှင့် ဘုရား လမ်းကြားသံလမ်း အတွင်းပိုင်းလုပ်ငန်းပြီးစီး၍ အပြင်ပိုင်းလုပ်ငန်းများကို စက်တင်ဘာလတွင် ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ရာ ရပ်ကွက်များ ရေဆင်းမြောင်းကောင်းမွန်ရန် လိုအပ်မှုနှင့် ဘူတာများ ရေစီးအားကောင်းမွန်ရန် လိုအပ်မှုတို့ကြောင့် ရထားများ စောင့်ဆိုင်းနေရမှုမရှိစေရန် သံလမ်းနှစ်ခုကြားတွင် ကွန်ကရစ်ရေနုတ်မြောင်းကို တည်ဆောက်ခြင်းဖြစ်သည်။
“မြို့ပတ်ရထားလမ်းအတွင်းပိုင်းကို ပြင်ပက ရေဝင်ရောက်မှုအများဆုံးဟာ မြို့ပတ်ရထားအနောက်ခြမ်းမှာ ပိုကြုံရတယ်။ ရေဝင်အားကို ထိန်းနိုင်ဖို့ တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာနဲ့ ညှိနှိုင်းပြီး ဝင်လာတဲ့ရေကို ဘယ်လိုထိန်းမလဲဆိုပြီး ရေဆင်းအားပုံစံကို ပြန်ပြီးရေးဆွဲနေရတာရှိတယ်။ သံလမ်းရေကျော်မှုကို အလုံနဲ့ ရှမ်းလမ်းကြားမှာ အများဆုံးကြုံရပါတယ်။ အနိမ့်ဆုံးအပိုင်းဖြစ်နေတာကြောင့် ရထားလမ်းကိုမြှင့်ဖို့လိုပါတယ်။ ဒါကြောင့် အလုံကားလမ်းကူးတံတားဟောင်းကို အသစ်ပြန်မြှင့်ရတာရှိတယ်။ နောင်ဆိုရင် သံလမ်းရေကျော်လို့ ရထားရပ်ထားရတယ်ဆိုတာ ရှိတော့မှာမဟုတ်ပါဘူး”ဟု ရန်ကုန်ဘူတာကြီး တိုင်းခုနစ်မှ လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်က ပြောသည်။
မြို့ပတ်ရထားအရှေ့ခြမ်းအပိုင်းဖြစ်သော တညင်းကုန်း- မင်္ဂလာဒုံ- ပုရွက်ဆိပ်ကုန်းအပိုင်းကို ယခုအဆင့်မြှင့်ဆောင်ရွက်လျက်ရှိရာ မင်္ဂလာဒုံလေယာဉ်ကွင်း တိုးချဲ့တည်ဆောက်ရာ၌ မင်္ဂလာဒုံဘူတာရုံကို ရွှေ့ပြောင်းခဲ့ရာ၌ လယ်မြေဖြင့် ရထားလမ်းတာဘောင်ကို မြှင့်တင်ခဲ့ရ၍ မိုးရာသီတွင် မြေသားမမှန်မှုကြောင့် သံလမ်းရေမြောင်းလုပ်ငန်း လုပ်ဆောင်ရာ၌ အခက်အခဲများနှင့် အခြားလုပ်ငန်း အခက်အခဲတို့ကြောင့် မိုးရာသီတွင် သတ်မှတ်ကာလထက် အပြောင်းအလဲများဖြင့် လုပ်ဆောင်နေရကြောင်း၊ ပွင့်လင်းရာသီ၌ မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုနှင့် ရေမြောင်းလုပ်ငန်းများ ပြီးစီးမည်ဖြစ်ပြီး ရထားလမ်းပြုပြင်မှုအပိုင်းနှင့် ရထားလမ်း အချက်ပြစနစ်အသစ် တပ်ဆင်မှုကို မြို့ပတ်ဘူတာကြီးများတွင် ထိန်းချုပ်ရေး ကွန်ထရိုးအဆောက်အဦးများကို တည်ဆောက်လျက်ရှိသည်။
ရန်ကုန်မြို့ပတ်ရထားသွားနှုန်းမှာ (၂)နာရီ မိနစ် (၅၀) ကြာမြင့်သောကြောင့် အဆင့်မြှင့်တင်မှု အားလုံးပြီးစီးပါက (၁)နာရီ မိနစ် (၅၀) ဖြင့် ပြေးဆွဲနိုင်မည်ဖြစ်ပြီး ရထားလမ်းအဆင့်မြှင့်တင်မှုနှင့်အတူ သံလမ်းကြား ကွန်ကရစ်ရေနုတ်မြောင်းလုပ်ငန်းကို လုပ်ဆောင်ခြင်းဖြစ်ရာ (၅၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ မေလအတွင်း ရန်ကုန်မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင်မှုပြီးစီးနိုင်ရန် မြန်မာ့မီးရထားမှ ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပြီး ယမန်နှစ်မိုးရာသီ၌ ရထားလမ်းရေကျော်မှုကြောင့် ငါးကြိမ်တိုင် ရထားများစောင့်ဆိုင်းခဲ့ရကာ မိုးများသောယခုနှစ်၌ နှစ်ကြိမ်သာကြုံတွေ့ခဲ့ရ၍ ကျန်ရှိသော သံလမ်းနှစ်ခုကြားရှိ ရထားလမ်းပိုင်း ရေနုတ်မြောင်းတူးဖော်ခြင်းကို ဆက်လက်ဆောင်ရွက်လျက် ယခုအခါ ရေကျော်မှုအများဆုံး ဖြစ်ပွားသောနေရာများ ရေဝပ်ရေလျှံမှုကင်းဝေးသွားပြီဖြစ်၍ မြို့ပတ်ရထား ခရီးသွားလာမှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ- သန်းစိုး


