ရန်ကုန်   ၂၆  ဇူလိုင်  


ကျောင်းသား ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရေး၊ ကျောင်းနေပျော်၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းစေရန် ရည်ရွယ်၍ သန်လျင်မြို့အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ရတနာပန်းခင်းစာကြည့်တိုက်နှင့် ပစ်တိုင်းထောင်အားကစားခန်းမ ဖွင့်ပွဲကို ဇူလိုင် ၂၆ ရက်နံနက် ၁၀ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။


ရှေးဦးစွာ ရတနာပန်းခင်းစာကြည့်တိုက်အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိ ဒေါ်ရီရီလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နော်အယ်သီဖော၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မြနှင့် ကျောင်းအကျိုးတော်ဆောင် ဦးမောင်မောင်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါစာကြည့်တိုက်အား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပစ်တိုင်းထောင်အားကစားခန်းမ ဖွင့်ပွဲကိုကျင်းပရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ခန်းမအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းသား ကျောင်းသူလေးများ ပျော်ရွှင်စွာကစားနေကြသည်ကို ကြည့်ရှုအားပေးကြသည်။


အဆိုပါ ပစ်တိုင်းထောင် အားကစားခန်းမသည် အရှည်ပေ(၇ဝ)အနံပေ(၂၀)ရှိပြီး အားကစားပစ္စည်းများကို အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သန်းဝင်း  (သန်လျင်)