ရန်ကုန် ၂၁ သြဂုတ်
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းကြောင့် လမ်းမကြီးအချို့နှင့် ရပ်ကွက်နှင့် ကျေးရွာအချို့၌ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။
“ဒီနေ့မွန်းလွဲပိုင်း ရွာတဲ့မိုးက ရေတော်တော်များပါတယ်။ ရေနဲ့အတူ အမှိုက်တွေ ပလတ်စတစ် ကျွတ်ကျွတ်အိတ် ဖော့ဘူးအခွန်တွေက ရေတွေနဲ့ရောပြီး မျောပါလာတယ်။ အဲဒီအမှိုက်တွေနဲ့ ရေတွေက အိမ်တွေနဲ့ ဆိုင်တွေကိုဝင်လာလို့ တံမြက်စီးတွေနဲ့ လှဲထုတ်နေရတယ်။ အခုလိုမိုးများရင် အမှိုက်တွေလမ်းပေါ်နဲ့ အိမ်တွေထဲမဝင်အောင် လူတစ်ဦးချင်းက အမှိုက်တွေကို သတ်မှတ်ထားတဲ့ အမှိုက်ပုံးတွေထဲကို ထည့်ပေးစေချင်ပါတယ်။ စည်းကမ်းမဲ့အမှိုက်များ မပစ်ပါနဲ့လို့ ပြောချင်ပါတယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ ရွာသွန်းသောမိုးကြောင့် သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက် ဗိုလ်ချုပ်နေဝင်းလမ်း၊ ဖို့မြေလမ်း၊ သတိပဋ္ဌာန်လမ်းမကြီးတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာလူနေအိမ်အချို့အတွင်းသို့ ရေများဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


