ရန်ကုန်  ၇   ဇူလိုင် 


ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ၂၀၂၀- ၂၀၂၁ ပညာသင်နှစ် အထက်တန်းအဆင့်ကျောင်းများ ဖွင့်လှစ်နိုင်ရေး ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီက သန်လျင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် သန်လျင်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အခြေခံပညာကျောင်း အထက်တန်းအဆင့်များ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းများအလိုက် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများနှင့် ကြိုတင်တွေ့ဆုံကာ ကျောင်းအတွင်း ကြိုတင်ပြင်ဆင် ထားသင့်သည်များနှင့် ဆောင်ရန်၊ ရှောင်ရန်များအား အသိပေးကာ ပူးပေါင်းဆောင်ရွက်သွားရေး ရှင်းလင်းဆွေးနွေးမှာကြားပြီး သန်လျင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် အထက်တန်းအဆင့်ကျောင်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားသည်။


ထို့နောက် သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီမှ ပိုးသတ်ဆေး ၅ ဂါလန်ပုံး ၈၀၊ ပြန်လည် အသုံးပြုနိုင်သော အဝတ် ပါးစပ်နှာခေါင်းစည်း Mask ၆၀ဝ၀ နှင့် PPE ဝတ်စုံ ၂၈ စုံကို ကျောင်းများအရောက် ပေးပို့လှူဒါန်းကာ အဆိုပါ ပြန်လည်ဖွင့်လှစ်မည့် ကျောင်းများအား မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ နာရေးကူညီမှုအသင်းများ နှင့် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ကျောင်းများအတွင်း ကိုဗစ်- ၁၉ ကာကွယ်ရေးနှင့် သွေးလွန် တုပ်ကွေး ကာကွယ်ရေးအတွက် ဆေဖျန်းခြင်း၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လက်ဆေးဘေစင် များ တပ်ဆင်ပေးခြင်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 


သန်လျင်မြို့နယ်တွင် ဇူလိုင် ၂၁ ရက်နေ့တွင် အထက်တန်းအဆင့် ကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် စာသင်ကျောင်းများအတွင်း ဆေးဖျန်းခြင်းများ၊ သန့်ရှင်းရေးများနှင့် လက်ဆေးဘေစင်များအား စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သန်လျင်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


သက်ခိုင် (သန်လျင်)