ရန်ကုန် ၈ အောက်တိုဘာ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)တို့၏ စီမံဆောင်ရွက်မှုဖြင့် တောင်သူများနှင့် အကျိုးတူ လယ်ယာစနစ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးများကို စက်ယန္တရားဖြင့် စတင်ရိတ်သိမ်းခြင်းကို အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီက ပုဂံတောင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ ကွင်းအမှတ် ၇၁၈  ကွင်းရှိ တောင်သူ ၃၆ ဦး၏ ၂၀၈ ဧက၌ ရိတ်သိမ်းခဲ့သည်။

 

ဆက်လက်၍ ပုဂံတောင်ကျေးရွာ ကွင်းအမှတ် (၇၁၈) ရှိ တောင်သူ ဦးခင်ဇော် စိုက်ပျိုးထားရှိသော မှော်ဘီ ၃ မိုးစပါးများအား ရိတ်သိမ်းခြွေစက်ဖြင့် ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ၁၀၅ တင်း ထွက်ရှိခဲ့ပြီး တောင်သူများနှင့် အကျိုးတူလယ်ယာစနစ်အရ စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၅၂၅၀၀၀ ရရှိကြောင်း သိရသည်။

 

အလားတူ သန်လျင်မြို့နယ် တောင်သူများနှင့် အကျိုးတူလယ်ယာစနစ် ဆောင်ရွက်သည့်  ပုဂံတောင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၊ ရုံးသပြေကန်ကျေးရွာ၊ လက်ယက်စမ်းကျေးရွာ၊ ဆေးလုံးကြီးကျေးရွာနှင့် ညောင်သုံးပင်ကျေးရွာများရှိ တောင်သူ ၆၅ ဦး၏ လယ် ၅၆၈ ဧကအား တောင်သူများနှင့် အကျိုးတူလယ်ယာစနစ် ဆောင်ရွက်ကြောင်း သိရသည်။

 

သတင်း- သက်ခိုင် (သန်လျင်)