သံဖြူဇရပ် ဇန်နဝါရီ ၈
သံဖြူဇရပ်မြို့နယ်၊ ဇီဝိတဒါန ဆေးအလှူတော်ရုံ၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဓမ္မပီယ (အရှင်သုည)၏ သက်တော် ၅၀ ပြည့် ရွှေရတုဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားနှင့် ကျောက်ကပ်တု သွေးသန့်စင်ဌာနဖွင့်ပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် တက်ရောက်ပြီး ကျောက်ကပ်တု သွေးသန့်စင်ဌာနကို ဆရာတော် ဘဒ္ဒန္တဓမ္မပီယ (အရှင်သုည)နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကျောက်ကပ်ဆေးနေမှုတို့ကို ကြည့်ရှုအားပေးသည်၊၊
အဆိုပါ ဇီဝိတဒါန ဆေးအလှူတော်ရုံတွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များက အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ လိုအပ်သည်များကိုလည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သံဖြူဇရပ်မြို့နယ်၊ ကဒတ်ထောက်ကျေးရွာ ကျိုက္ခမီ-ကဒတ်ထောက်-ကရင်သောင်-စက်စဲ ကမ်းခြေပတ်လမ်း ခင်းကျင်းဆောင်ရွက်နေမှု၊ မုဒုံမြို့နယ်၊ ဆက်သွယ်ကျေးရွာ အဝင်လမ်းတို့အား ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်နှင့် မြို့ပြ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အချိန်မီပြီးစီးရေး တွန်းအားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်၏ ထောက်တိုင်များဖြစ်သည့်အားလျော်စွာ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ပေးရန် လိုကြောင်း၊ ဌာနဆိုင်ရာများကလည်း မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)