သံဖြူဇရပ်  ၂၅   ဇူလိုင် 

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက် မှစတင်၍ ပထမအကြိမ်အဖြစ် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ ကိုဗစ်-၁၉ ကာကွယ်ရေးအစီအစဉ်များဖြင့် မိမိတို့၏ အမည် စာရင်းများကို လာရောက်ကြည့်ရှုနိုင်ကြောင်းနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

သံဖြူဇရပ်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၄၀၀၀၀ ကျော်ရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စု (၄၁)အုပ်စုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ ၁၄ ရက်ကြာ ကပ်ထား ကြေညာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းကြေညာမှုများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဝေအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။

 

အေးအေးသီ(သံဖြူဇရပ်)