သနပ်ပင် စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

သနပ်ပင် မြို့တွင်းတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၎င်းတံတားသည် ပဲခူး - သနပ်ပင် - ခရမ်း - သန်လျင် လမ်းပေါ်ရှိ ကုန်စည် စီးဆင်းမှုအတွက် အဓိကအရေးပါသည့် တံတားတစ်ခုဖြစ်ကြောင်းနှင့် စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးရေး ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

အဆိုပါတံတားသည် အရှည်ပေ (၂၄၀)၊ အကျယ်ပေ (၄၀) ရှိပြီး စစ်တောင်းတူးမြောင်း ကိုဖြတ်သန်း တည်ဆောက်နေသည့် သံကူကွန်ကရစ် တံတားတစ်စင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သနပ်ပင်မြို့နယ် မင်းရွာလျှပ်စစ် မြစ်ရေတင်စနစ်ကို ဆိုလာရေတင်စနစ်သို့ ပြောင်းလဲတည်ဆောက်နေမှု ကိုလည်းကောင်း၊ သနပ်ပင်မြို့နယ် ကျောင်းစုကျေးရွာ ဆိုလာစနစ် နွေးစပါးရေပေးဝေရေး မြစ်ရေတင် လုပ်ငန်းခွင်သို့လည်းကောင်း  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မီသည့် စက်ပစ္စည်းများ ရွေးချယ်သုံးစွဲရန်၊ ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ စက်များကြံ့ခိုင်မှုရှိရေး စစ်ဆေးဆောင်ရွက်ရန်၊ ဒေသအတွင်း နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် တစ်နှစ် (၃) သီးစိုက်ဧကများ တိုးတက်စေရေး စည်းရုံးဆောင်ရွက်သွားရန်၊ သနပ်ပင်မြို့နယ် ကျောင်းစုကျေးရွာအုပ်စု  ကွင်းအမှတ် (၈၃၇) ကွင်းအတွင်း နွေစပါးဧက (၃၀၀) ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရန် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေး ဝေနိုင်ရေး တွက်ချက်တင်ပြရန်နှင့် သနပ်ပင်-မင်းရွာ ကျေးလက်ဂဝံလမ်း ပျက်စီးနေမှုကို တွက်ချက်တင်ပြရန် တာဝန်ရှိသူများကို မှာကြားကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ဆိုလာစနစ်ကို အသုံးပြုရခြင်းသည် ရေရှည်အတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ကျန်ရှိသော လျှပ်စစ်မြစ်ရေတင် စီမံကိန်းများကိုလည်း ဆိုလာစနစ် ပြောင်းလဲဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ 

သတင်းစဉ်