ရန်ကုန် စက်တင်ဘာ ၁

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယ မြို့တော်ဝန်၊ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သာကေတမြို့နယ် သဒ္ဒါရုံ/ မင်းနန္ဒာ စည်ပင်အိမ်ရာဝင်း၌ ရွေ့လျားဈေးကား(Mobile Market)စနစ်ဖြင့် ဈေးရောင်းချနေမှု၊ ရှုခင်းသာမြို့ပတ်လမ်းမပေါ်ရှိ အမှတ်(၅) မြစ်ထွက်ပေါက်သို့ စီးဆင်း သောရေမြောင်းနှင့် မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ခြံစည်းရိုးအကြား မြေယာရှုခင်းပြုပြင်နေမှု၊ သင်္ဃန်းကျွန်းမြို့နယ် ရေနံ့သာလမ်းရှိ အောက်ဆီဂျင်ထုတ်စက်ရုံတွင် အောက်ဆီဂျင်အိုးများ ဖြည့်တင်းနေမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ သဒ္ဒါရုံ/ မင်းနန္ဒာစည်ပင် အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ နိုင်ရန် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကိုလိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန်မှာကြားပြီး Mask များဝေငှသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြည်သူများလွယ်လင့်တကူ ဈေးဝယ်နိုင်ရေး အတွက် ယနေ့တွင် သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကျောင်းဝင်း၊ တာမွေမြို့နယ် ရာဇသင်္ကြန်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ မအူကုန်းလမ်းကျယ်၊ မအူကုန်းရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်အိမ်ရာ၊ ထီးတန်းအိမ်ရာ၊ ကမာရွတ်မြို့နယ် သင်္ဘောကျင်းအိမ်ရာဝင်း၊ (၄)ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာဝင်း၊ (၇)ရပ်ကွက်၊ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမနှင့် ဗိုလ်တထောင်မြို့နယ် ၄၆ လမ်း ၁၂ ထပ်ခွဲ စည်ပင်ရုံးဝင်းများတွင်လည်း Mobile Market စနစ်ဖြင့် ဈေးရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုမှတဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် သဒ္ဒါရုံ/မင်းနန္ဒာစည်ပင်အိမ်ရာဝင်းအတွင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဆောင်ရွက်နေသော ၁၆ ခန်းတွဲ လိုင်းခန်း(၃)လုံး တည်ဆောက်နေမှုကို လည်းကောင်း၊  သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာ မြို့ပတ်လမ်းမပေါ်ရှိ အမှတ်(၅) မြစ်ထွက်ပေါက်သို့ စီးဆင်းသောရေမြောင်းနှင့် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ခြံစည်းရိုးအကြား မဟော်ဂနီပင်တန်းများ၊ အုန်းပင်များ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၄)ရပ်ကွက်၊ ရေနံ့သာလမ်းရှိ အောက်ဆီဂျင်ထုတ်စက်ရုံသို့ သွားရောက်၍ အောက်ဆီဂျင်အိုးများ ဖြည့်တင်းနေမှုကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ပြည်သူများ အောက်ဆီဂျင်အလွယ်တကူ ရရှိနိုင်စေရန် Jazz 74 Group of Companies နှင့် စာနာစိတ် ထားပေးဆပ်သူများလူမှုကူညီ ထောက်ပံ့ရေးအဖွဲ့၏ မတည်လှူဒါန်းမှုဖြင့် ရေနံ့သာမော်တော်ယာဉ် ဝင်းအတွင်း စက်တပ်ဆင်၍ ပြည်သူများအား အခမဲ့ဖြည့်တင်းပေးခဲ့ရာ စက်ရုံစတင်ဖွင့်လှစ်သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၀ ရက်မှ ယနေ့အထိ အောက်ဆီဂျင်(၇၈၈၄၈)လီတာအား ပြည်သူများသို့ အခမဲ့ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)