နေပြည်တော်  ၁၃  ဩဂုတ်

 

 

သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေသောက်ဧရိယာအတွင်း  ၂၀၂၀ ပြည့်နှစ် မိုးစပါးလျာထားဧက (၄၂၀၀၀၀) ကို ဇူလိုင် ၇ ရက်မှစတင်၍ ရေပေးဝေလျက်ရှိသည်။ သဖန်းဆိပ်ဆည်၏ ရေပြည့်ရေလှောင်ပမာဏမှာ (၂၈ သိန်း)ဧက ပေဖြစ်ပြီး ယနေ့ထိ ဆည်တွင်း သိုလှောင်ရေပမာဏမှာ (၇ သိန်း ) ဧကပေခန့်သာရှိသည်။

 

 

မိုးရာသီကာလ အတွင်း ဝင်ရောက်လာနိုင်မည့် ဆည်ရေပမာဏအား ခန့် မှန်းတွက်ချက်၍ လျာထားဧကများ အောင်မြင်စွာ စိုက်ပျိုးရေ ပေးဝေနိုင်ရန် ကြိုးစား၍ စီမံဆောင်ရွက်လျက်ရှိသည်။ ယခင်နှစ်က သဖန်းဆိပ်ဆည်အတွင်း ဆည်ရေဝင်ရောက်မှုနည်းခဲ့၍ နွေစပါး စိုက်ပျိုးခဲ့ခြင်း မရှိသည့်အတွက် လယ်မြေများမှာ အစိုဓါတ်နည်းပါးပြီး ခြောက်သွေ့လျက်ရှိရာ လယ်မြေများအတွင်းသို့ ဆည်ရေပျံ့နှံ့စွာ ရောက်ရှိနိုင်ရန် ယခင် နှစ်ကထက် အထူးကြပ်မတ်၍ ရေလေလွင့်မှုမရှိအောင် အချိန်ယူပြီး ရေပေးဝေ နေရ သည်။ လျာထားချက် ပြည့်မီအောင် စိုက်ပျိုးရေပေးနိုင်ရန်နှင့် တောင်သူများ မျှတစွာ ရေသုံးစွဲနိုင်ရန် ရေအသုံးချသူများအဖွဲ့ WUG များ ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ ရေလှည့် စနစ်များဖြင့် စနစ်တကျ ရေပေးဝေရာတွင် တောင်သူများ ပူးပေါင်းပါဝင်အောင် ပညာပေးစည်းရုံး ဆောင်ရွက်စေခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် WUG အဖွဲ့များနှင့် ပူးပေါင်း၍ ရေပေးမြောင်းများ ရေသွားလမ်း ရှင်းလင်းခြင်းများကိုလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူး၊ဒုတိယညွှန်ကြားရေးမှူးများက ရေးဆွဲထားသည့် ရေလှည့် စနစ်များအတိုင်း စနစ်တကျ ဆောင်ရွက်ရန်၊ ရေအလေအလွင့်မရှိစေဘဲ စနစ်တကျ စီမံခန့်ခွဲ၍ ရေပေးဝေ နိုင်ရန် ဆည်ရေသောက်ဧရိယာများသို့ အပတ်စဉ်လာရောက်၍ အနီးကပ်ကြည့်ကြပ် ဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။

 

 

ညီညီသန်း (နေပြည်တော်)