ခင်ဦး ၂  ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် သဖန်းဆိပ်ရေလှောင်တမံမှ နွေသီးနှံ စိုက်ပျိုးရန် ဆည်ရေ တစ်ကြိမ်သာ ပေးမည်ဖြစ်သဖြင့် ရေပေးဝေမည့် အချိန်နှင့် ကိုက်ညီသော နွေသီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရန် ဒီဇင်ဘာလ ၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

သဖန်းဆိပ်ရေလှောင်တမံတွင် ယခုရေလှောင်ပမာဏ (၉) သိန်း (၇) သောင်းကျော်ရှိရာ ခင်ဦးမြို့နယ်အနေဖြင့် OMC တူးမြောင်း တစ်ခုထဲသာ နွေသီးနှံစိုက်ပျိုးရန် ဆည်ရေပေးသွားမည် ဖြစ်ကြောင်း၊ ဆည်ရေပေးရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ မတ်လ ၇ ရက်နေ့အတွင်း ဆည်ရေတစ်ကြိမ်သာ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးအရာရှိ ဦးသန်းထွဋ်ဦး ကပြောသည်။

 

ခင်ဦးမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရန် OMC တူးမြောင်းရှိ မြောင်းလက်တန်အလိုက် စိုက်ပျိုးရေပေးနိုင်မည့် ဧက (၁၄၀၀၀) လျာထားပြီး ကျေးရွာအုပ်စု (၁၃) အုပ်စုကိုသာ နွေသီးနှံစိုက်ပျိုးရန်နှင့် ဆည်ရေရရှိမည့်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်လှကြိုင်က ပြောသည်။

 

အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင်၊ မြို့နယ်စိုက်ပျိုးရေး တိုးတက်မြှင့်မားရေး အဖွဲ့နှင့် နွေသီးနှံစိုက်ပျိုးမည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မိမိတို့ကျေးရွာရှိ ဆည်ရေတစ်ကြိမ်တည်းဖြင့် သင့်တော်မည့် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

စိုးဝေအောင်(ခင်ဦး)