ခင်ဦး ၂ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံတွင် ရေသိုလှောင်နိုင်သည့် ပမာဏ ဧကပေ (၂၈)သိန်းခန့်ရှိရာ ဇူလိုင် ၂ ရက်အထိ ရေလက်ကျန်မှာ (၆၉၆၄၉၇)ဧကပေသာ ကျန်ရှိတော့သဖြင့် မိုးစပါးလျာထား ဧရိယာများအား စိုက်ပျိုးရေအောင်မြင်စွာ ပေးဝေနိုင်ရန်အတွက် ဆည်ရေသောက်ဧရိယာများကို ဇူလိုင် ၃ ရက်မှစ၍ အလှည့်ကျစနစ်ဖြင့် ဆည်ရေများကို ပေးဝေသွားမည်ဖြစ်ကြောင်း ခင်ဦးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆည်ရေများကို အလှည့်ကျစနစ်ဖြင့် ရေပေးဝေသွားမည်ဖြစ်ကြောင်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆည်ရေသောက်ကျေးရွာများသို့ သွားရောက်ပြီး ပျိုးထောင်ရေးနှင့် ထွန်ယက်ရေးအား လိုအပ်သည့်ပမာဏကိုသာ ရယူကြရန်၊ ကွက်ဆင့်သောက်စနစ်ဖြင့် ရေယူဧရိယာများတွင် မိမိလယ်ကွက်အတွင်း ရေပြည့်စုံပါက ကန်သင်းအလုံပိတ်မထားဘဲ အောက်ဘက်တောင်သူများအတွက် သဘောထားကြီးစွာဖြင့် ရေဖွင့်ပေးကြပါရန်၊ သဖန်းဆိပ်ရေလှောင်တမံအတွင်းရှိ လက်ကျန်သိုလှောင်ရေ နည်းပါးနေသဖြင့် မိုးစပါးလျာထားဧရိယာများအား စိုက်ပျိုးရေအောင်မြင်စွာ ပေးဝေနိုင်ရန်အတွက် ရေကိုလေလွင့်ဆုံးရှုံးမှု မရှိစေဘဲ စနစ်တကျသုံးစွဲကြရန် လိုက်လံနှိုးဆော်ခဲ့သည်။
ထို့ပြင် ဆည်ရေသောက်ဧရိယာအတွင်း မိုးများစွာရွာသွန်းပါက ဆည်ရေပေးဝေမှုအား ခေတ္တထိန်းညှိ၍ ဆည်အတွင်း ရေသိုလှောင်ထားရှိမည်ဖြစ်ကြောင်း၊ ရေလှည့်စနစ်ကျင့်သုံး၍ ရေပေးဝေမည်ဖြစ်သဖြင့် စည်းကမ်းချိုးဖောက်၍ မိမိရေလှည့်မဟုတ်ဘဲ ရေယူပါက ဆည်မြောင်းဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အခက်အခဲရှိပါက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်ဖိတ်ခေါ်ပါကြောင်း အသိပေးကြေညာပြီး ရေအလှည့်အစီအစဉ်များပါရှိသော လက်ကမ်းစာစောင်များကို တောင်သူများထံသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


