မန္တလေး  ၂၄  ဇူလိုင်


သပိတ်ကျင်းမြို့အနီးရှိ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်များကို သိရှိနိုင်ရန် ငလျင်သုတေသနမှ ရရှိသည့် မြေသားနမူနာများကို နိုင်ငံခြားသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ သိရသည်။


အဆိုပါ သုတေသနအတွက် ပထမဆုံးအကြိမ် ကွင်းဆင်းမှုအဖြစ် ယခုနှစ် မေ ၁၁ ရက်မှ ၂၁ ရက်ထိ သပိတ်ကျင်းမြို့၏ မြောက်ဘက်နှင့်တောင်ဘက်ပိုင်းတို့တွင်ဆောင်ရွက်ခဲ့ပြီး ရရှိလာသည့်မြေသား နမူနာ(Sample)တို့ကို ရွေးချယ်စိစစ်ကာ ပို့ဆောင်စစ်ဆေးရန် စီစဉ်နေကြောင်း သိရသည်။


"မြေသားနမူနာကို ပို့ရတဲ့ အဓိကကတော့ ဘယ်ခုနှစ်က ငလျင်ဘယ်နှစ်ကြိမ်လုပ်ခဲ့တယ်။ နောက်ပြီး ဘယ်အချိန်မှာ ငလျင်လုပ်နိုင်တယ်ဆိုတာတွေ သိနိုင်တာပေါ့။ အဲ့လိုသိနိုင်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်တာပေါ့။ မြေသားနမူနာကို တရုတ်နိုင်ငံ ဒါမှမဟုတ် ထိုင်ဝမ်တစ်ခုခုကို ပို့ပါမယ်။ အခု အကြမ်းဖျင်းအရင်သိဖို့ မြေသားနမူနာတွေ အရင် ပို့မှာပါ။" ဟု ဟုကော်မတီဒုတိယ ဥက္ကဋ္ဌ ဒေါက် တာမျိုးသန့်က ပြောသည်။


သပိတ်ကျင်းမြို့အနီးရှိ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် အတိတ်က လှုပ်ခတ်ခဲ့သည့် မြေငလျင်များကို ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ထိ နှစ်နှစ်ကြာ သုတေသန ပြုလုပ်သွားမည်ဖြစ်ပြီး ပြုလုပ်ခဲ့ပြီးသည့် ပထမဦးဆုံး ကွင်းဆင်းအကြိမ်တွင် သုတေသန ပြုလုပ်ရန် နေရာရွေးချယ်ခြင်း၊ ငလျင်လှုပ်ခတ်ခဲ့သည့် အထောက်အထားများ ရှာဖွေခြင်း၊ ငလျင်ကြောင့် ရွေ့သွားခဲ့သည့် အရွေ့များကို တိုင်းတာခြင်း၊လှုပ်ခတ်ခဲ့သည့် ငလျင်များ၏ သက်ရောက်မှုနှင့် မြေငလျင်အန္တရာယ်ပြ မြေပုံရှိ ဖြစ်နိုင်သည့် Effect နှင့် လက်တွေ့သက်ရောက်မှု ကိုက်ညီမှုရှိ၊ မရှိတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


"မြေသားနမူနာပို့ပြီးလို့ သိရရင်တော့ မြန်မာနိုင်ငံရဲ့မြေငလျင် အန္တရာယ်ပြမြေပုံတွေ ရေးဆွဲတဲ့အခါ ပိုပြီးတော့ပြည့်စုံတဲ့ ပြတ်ရွေ့ပိုင်းဆိုင်ရာတွေ ငလျင်လှုပ်နိုင်တဲ့ အရင်းအမြစ်နဲ့ဆိုင်တဲ့ အချက်အလက်တွေ ပိုပြီးရရှိနိုင်အောင်လို့ သုတေသနပြုလုပ်သွားမှာပါ" ဟုကော်မတီဒုတိယ ဥက္ကဋ္ဌ ဒေါက် တာမျိုးသန့်က ပြောသည်။


ယခုသုတေသနပြုလုပ်မည့် သပိတ်ကျင်းမြို့အနီး စစ်ကိုင်းပြတ်ရွေ့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က အင်အားရစ်ချ်တာ စကေး ၆ ဒသမ ၈အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးပြီး ၂၀၁၂ခုနှစ် သပိတ်ကျင်း ငလျင်မတိုင်ခင် လှုပ်ခတ်ခဲ့သည့် အတိတ်က မြေငလျင်များကို လေ့လာဖော်ထုတ်မည်ဖြစ် ကြောင်း သိရသည်။


လက်ရှိတွင် အနာဂတ်ငလျင်များကို ခန့်မှန်းတွက်ချက်နိုင်ရန် အတိတ်မြေငလျင် သုတေသနများကို စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် ပဲခူးအပိုင်းနှင့် စစ်ကိုင်းအပိုင်းတို့တွင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ နေပြည်တော်နှင့် သပိတ်ကျင်း အပိုင်းတို့တွင် သုတေသနပြုလုပ်နေပြီး ဆက်လက်သုတေသန ပြုလုပ်ရန် အပိုင်းငါးခုခန့် ကျန်ရှိနေသေးကြောင်း အဆိုပါကော်မတီ ထံမှ သိရသည်။


သူရိန်လင်း