ဆင်ပေါင်ဝဲ ၂၆ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဒဂုံမှော်ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် မြေသားမိုးရေလှောင်ကန် ရေဝင်ဧရိယာ တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၁၈- ၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
သရက်အုပ်ကျေးရွာသည် အိမ်ခြေ(၁၃၇)၊ လူဦးရေ(၇၃၂)ဦးရှိပြီး ကျေးရွာနေပြည်သူများအနေဖြင့် မြေသားရေကန်များမှ ရေကိုသာ အားထားသုံးစွဲခဲကြပြီး အဆိုပါ မြေသားရေကန်များမှာ ရေဝင်ရောက်မှုနည်းခြင်း၊ ရေသိုလှောင်မှုနည်းပါးခြင်းတို့ကြောင့် နွေရာသီရောက်တိုင်း သောက်သုံးဖူလုံစွာမရရှိခဲ့ကြောင်း၊ ယခု ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ရေဝင်ဧရိယာ တိုးချဲ့ပြုပြင်ခြင်း၊ ကန်ဘောင်အဆင့်မြင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောပြ၍ သိရသည်။
အဆိုပါ မြေသားမိုးရေလှောင်ကန် ရေဝင်ဧရိယာ အလျားပေ ၄၀ဝ ၊ အနံပေ ၃၀ဝ၊ အနက် ၃ ပေ တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၂ သန်းဖြင့် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများစုဖွဲ့၍ ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် သရက်အုပ် ကျေးရွာအပါအဝင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၁၈၃ ဒသမ ၂ သန်းဖြင့် ကျေးရွာကိုးရွာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် ၁၆ ဒသမ ၅ သန်းဖြင့် ကျေးရွာနှစ်ရွာ၊ စုစုပေါင်း ကျေးရွာ ၁၁ ရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၁ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဦး


