သရက် ဩဂုတ် ၂၃

 

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ် လေးမြို့နယ်မှ ကျေးရွာ (၄)ရွာ၌ နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍  မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက် သီးနှံ)ကို ထပ်တိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရှိရသည်။

 

သရက်ခရိုင်အတွင်းရှိ စီမံကိန်းဆောင်ရွက်မည့် မြို့နယ်လေးမြို့နယ်၊ ကျေးရွာလေးရွာဖြစ်သည့် သရက်မြို့နယ်၌ ရေဘွက် ကျေးရွာ၊ ကံမမြို့နယ်၌ ရေနံသာကျေးရွာ၊ မင်းတုန်းမြို့နယ်၌ မြို့ဟောင်းကျေးရွာနှင့် မင်းလှမြို့နယ်၌ ပန်းတော်ပြင်ကျေးရွာတို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေကျပ်သိန်း ၁၀၀အား မတည်ပေးပြီး ကျေးလက်နေပြည်သူများထံသို့ သက်သာသော အတိုးနှုန်းဖြင့် ချေးပေးကာ ဆောင်းနေကြာ စိုက်ပျိုးမည့်တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

“အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀၀ မတည်ပေးပြီး အတိုးနှုန်းအဖြစ် ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား(၅၀)နှုန်းဖြင့် ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီမှ အများသဘောတူ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ချေး၍ ဆောင်းနေကြာ စိုက်ပျိုးမည့် တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန်ဖြစ်ကြောင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပြီး ပေါင်းစပ်ဆောင်ရွက် ပေးခြင်း၊ လိုအပ်သည့်နည်းပညာပံ့ပိုး ကူညီခြင်း၊ မြေပြင်ကွင်းဆင်းကြီးကြပ်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှာလည်း သရက်ခရိုင်အတွင်း မြို့နယ်လေးမြို့နယ်ရှိ ကျေးရွာ လေးရွာမှာ ထပ်တိုးအကောင်အထည်ဖော်လျက်ရှိရာ ယခုဆိုရင် ကျေးရွာများတွင် စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးနေပြီ”ဟု သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးထံမှ သိရသည်။

ကိုလှိုင်