သရက် ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရွှေသက်လွတ်ဘုရာဝင်းရှိ သာသနာ့ဗိမာန်တော်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသက် ၂ နှစ်အောက် ကလေးငယ်များအား ကူးစက်ရောဂါမှ ကာကွယ်ရန်နှင့် ကျန်းမာရေးအသိ ရှိစေရန်အတွက် အသိပညာ ပေးခြင်းနှင့် အသည်းရောင် အသားဝါရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးတို့အား အသက်အပိုင်းအခြားအလိုက် ဆေးထိုးနှံခြင်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ကာကွယ်ဆေးများကို သတ်မှတ်ထားသော အကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်များတွင် ဆေးထိုးဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်များ ရောဂါကင်းဝေးနိုင်မည်ဖြစ်သည့်အတွက် မပျက်မကွက် ပုံမှန် ကာကွယ်ဆေးများ ထိုးနှံသွားရန်လိုအပ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)