သရက်  ၂၂   ဇွန်   

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ သောက်သုံးရေဖူလုံစွာရရှိစေရန်၊ အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် အလွယ်တကူ ရယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများလျာထားပြီး ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းနှစ်ခု၊ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း နှစ်ခု ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ရေရရှိရေးလုပ်ငန်းများအနက် မူလခွင့်ပြုရန်ပုံငွေ ကျပ် ၂၀ ဒသမ ၈၀ သန်း ဖြင့် ဖျောက်ဆိပ်ခုံကျေးရွာတွင် လေးလက်မ စက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ပေ အနံ ၁၀ပေ အမြင့် ၈ပေ ရှိသော ရေစက်ရုံ တစ်ခု၊ ဂါလံ ၂၄၀ဝဆံ စင်မြင့်ရေစင်တစ်ခု၊ ပေ ၄၄၀ဝ ရှိသော ရေပိုက်လိုင်းသွယ်တန်း ခြင်း လုပ်ငန်းများကို မတ်လက စတင်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂၂ရက်နေ့တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်း ကပြောပြ၍သိရသည်။

 

ဆက်လက်၍ အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများပြီးစီးသွား၍ ဖျောက်ဆိပ်ခုံ ကျေးရွာရှိ  အိမ်ခြေ  ၁၁၁ အိမ်မှ လူဦးရေ ၄၀၄ ဦးတို့၏ သောက်သုံးရေ ဖူလုံရေးတို့အတွက် အကျိုးပြုမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ကပြောသည်။

 

ငြိမ်းသူ(စလင်း)